News

POST TYPE

CRIME & ACCIDENT

မိတ္ထီလာကန်တွင် မူးယစ်သောက်စားမှုများတားမြစ်ရန် အရပ်ဘက်အဖွဲ့လေးခု တောင်းဆို
09-Aug-2018

မိတ္ထီလာ၊ ဩဂုတ် ၈

မိတ္ထီလာကန်သည် အများပြည်သူ အပန်းဖြေရာနေရာတစ်ခုဖြစ်ပြီး ညပိုင်းအချိန်တို့တွင် ဖြစ်ပွားတက်သော မူးယစ်သောက်စားမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများ၊ ကန်အတွင်းသို့ အမှိုက်နှင့်အညစ်အကြေး စွန့်ပစ်မှုများကို တားမြစ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းလေးခု စုပေါင်းကာ မြို့နယ်စီမံခန့်ခွဲရေးကော်မတီထံ တင်ပြတောင်းဆိုထားကြောင်း လုမ္ဗိနီ (ယဉ်ကျေးလိမ္မာသင်တန်း) အတွင်းရေးမှူး ဦးဖြိုးဝေသန့်က ပြောကြားသည်။ 

“အဲဒီမှာ လူငယ်တွေ သောက်စားပြီးတော့ ရန်ဖြစ်ကြတယ်။ အသက်ဆုံးရှုံးမှုတွေဖြစ်လာတယ်။ အခုလိုဖြစ်တဲ့ဟာတွေက သာမန်ရန်ဖြစ်တဲ့အဆင့် မဟုတ်တော့ဘူး။ ဘာသာရေးအရလည်း မသင့်တော်ဘူး။ မိတ္ထီလာက လမ်းဆုံမြို့ဆိုတော့ ခရီးသွားဧည့်သည်တွေက ဒါတွေကိုမြင်ရင် မြို့အနေနဲ့လည်း သိက္ခာကျပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မိတ္ထီလာမြို့ခံ လူမှုကူညီရေးအသင်းလေးခုမှ ကိုယ်စားလှယ်များ စုပေါင်းလက်မှတ်ထိုးကာ ဩဂုတ်လ ၇ ရက်နေ့က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

မိတ္ထီလာမြို့တွင် တက္ကသိုလ်ငါးခုရှိပြီး ရပ်ဝေးမှလာသော ကျောင်းသားကျောင်းသူများလည်းရှိကြောင်း၊ ပြီးခဲ့သော ဩဂုတ်လ ၃ ရက်နေ့ညက မိတ္ထီလာ မြောက်ကန်၏ ကန်ပေါင်တွင်ဖြစ်ခဲ့သောရန်ပွဲကြောင့် သေဆုံးသူမှာ တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထပ်ဖြစ်စေရန် မြို့ခံလူမှုအခြေပြုအဖွဲ့များက စုပေါင်းထိန်းသိမ်းပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကလည်း ပါဝင်ကူညီပေးရန်လိုကြောင်း ဦးဖြိုးဝေသန့်က တိုက်တွန်းပြောဆိုသည်။ 

“ဒီနေရာမှာ လွတ်လပ်မှုကြောင့် လူငယ်တွေစတည်းချနေတာဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ကန်ပေါင်အသစ်ကြီးပြီးလို့ ခြောက်လလောက်အကြာမှာပဲ ကန်ဘောင်တစ်လျှောက်မှာ အရက်ဝိုင်းတွေဖြစ်နေပြီ။ အခုဆိုရင် ကန်ပေါင်က အရက်ပုလင်းခွံ ဘူးခွံတွေကို ကောက်ရောင်းတဲ့လူက နေ့စဉ်သုံးယောက်လောက် ရှိနေပြီဆိုတော့ အရက်ဝိုင်းတွေရဲ့အရေအတွက်ကို မှန်းကြည့်ပါ”ဟု မိတ္ထီလာမြောက်ကန်ပေါင်အနီး ဈေးတောင် စည်သူရပ်တွင်နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ 

မြို့ခံလူမှုရေးအဖွဲ့အစည်းများဖြစ်သော ကမ်းလက်များ (ပညာရေးနှင့်ကျန်းမာရေး ပရဟိတမိသားစု)၊ လုမ္ဗိနီ (ယဉ်ကျေးလိမ္မာဓမ္မသင်တန်း)၊ မြတ်နိုးပီတိလူမှုကူညီရေးအသင်းနှင့် မေတ္တာပါရမီ လူမှုကူညီရေးအသင်းတို့က စုပေါင်းတောင်းဆိုထားခြင်းဖြစ်သည်။

R-01