News

POST TYPE

CRIME & ACCIDENT

နေပြည်တော်စည်ပင်ဒုညွှန်ချုပ်နှစ်ဦးကို စစစ်
08-Aug-2018

မန္တလေး၊ ဩဂုတ် ၈

အဂတိလိုက်စားသည်ဟု စွပ်စွဲခံထားရသော နေပြည်တော်ကော်စီနယ်မြေ စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) များဖြစ်သည့် ဦးမင်းလွင်စိုးနှင့် ဒေါက်တာ ခိုင်စိုးလှတို့ကို မန္တလေးတိုင်း တရားလွှတ်တော်က ဩဂုတ်လ ၈ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည်။

“ဒီအမှုက တရားလိုပြ သက်သေတွေ၊ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီး သွားပြီဖြစ်တဲ့အတွက် အခုကတရားခံကို စပြီးစစ်တဲ့အပိုင်းကို ရောက်သွားပါပြီ။ နှစ်ဦးလုံးပါပဲ။ ပြီးတော့မပြီးသေးဘူး။ ဆက်စစ်ရဦးမှာပါ”ဟု ဦးမင်းလွင်စိုး၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက ပြောကြားသည်။

နေပြည်တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာန ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာခိုင်စိုးလှတို့သည် သားသတ်လိုင်စင် ရရှိသူများဖြစ်သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ထံမှ ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသောအမှုဖြစ်သည်။

ယင်းအမှုကို မန္တလေးတိုင်းတရား လွှတ်တော်က တရားလိုများဘက်က တင်သွင်းထားသည့် သက်သေများကို စစ်ဆေးပြီးစီးသွားသည့်အတွက် စွဲဆိုထားသည့် ပုဒ်မများအတိုင်းပင် ဇွန်လ ၁၂ ရက်နေ့ကတည်းက စွဲချက်တင်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ တိုင်ကြားချက်အရ မန္တလေး တိုင်း တရားလွှတ်တော်တွင် ဒေါက်တာခိုင်စိုးလှကို ရာဇဝတ်ကြီးအမှုအမှတ် ၆၊ ၇ တို့ဖြင့်လည်းကောင်း၊ ဦးမင်းလွင်စိုးကို ရာဇဝတ်ကြီးအမှုအမှတ် ၈ နှင့် ၉ တို့ဖြင့်လည်းကောင်း စစ်ဆေးနေခြင်းဖြစ်သည်။ 

၎င်းတို့သည် နိုင်ငံဝန်ထမ်းများ လုပ်ပိုင်ခွင့်ရှိသူများအနေနှင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ ငွေကြေးရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

M-04