News

POST TYPE

CRIME & ACCIDENT

ဒဂုံတက္ကသိုလ်ဝင်းတွင် ကျောင်းသူထံမှ လက်ကိုင်ဖုန်းလုယူပြေးသည့် အမျိုးသားသုံးဦးကို ဖမ်းမိ
06-Aug-2018

ရန်ကုန်၊ ဩဂုတ် ၅

ဒဂုံမြို့သစ် (အရှေ့) မြို့နယ်၊ ဒဂုံ တက္ကသိုလ်ဝင်းရှိ ဗိုလ်မှူးဗထူးလမ်းတွင် ဩဂုတ်လ ၄ ရက်နေ့က ကျောင်းသူတစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံးကို လုယူပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသည့် အမျိုးသားသုံးဦးကို ယင်းနေ့မှာပင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒဂုံတက္ကသိုလ် (အဝေးသင်ဌာနခွဲ) တက္ကသိုလ်ကျောင်းသူမှာ အခင်းဖြစ်နေ့ နံနက် ၁၁ နာရီက သင်္ချာဌာနတွင် စာသင်ချိန်ပြီးစီး၍ နေအိမ်သို့ပြန်ရန် သူငယ်ချင်းဖြစ်သူနှင့်အတူ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ဗိုလ်မှူးဗထူးလမ်းအတိုင်း လမ်းလျှေက်လာစဉ် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားသုံးဦးက ၎င်းလက်ထဲရှိ လက်ကိုင်ဖုန်းကို ဆွဲလုယူထွက်ပြေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

လုယက်မှုကျူးလွန်သူသုံးဦးကို ယင်းနေ့ ညနေ ၄ နာရီတွင် ဒဂုံမြို့သစ် (အရှေ့) မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ယောမင်းကြီးလမ်းတွင် လှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ပိတ်ဆို့စစ်ဆေးရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့မှာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ယင်းမြို့နယ်တွင် နေထိုင်သော ရဲမင်းပိုင် (ခ) မှုံကြီး၊ ထိန်လင်းနှင့် မြင့်မြတ်စိုးတို့ သုံးဦးမှာ မော်တော်ဆိုင်ကယ် အသုံးပြု၍ ကျောင်းသူထံမှ လက်ကိုင်ဖုန်းကို လုယူခဲ့ပြီး မှုံကြီး၏ နေအိမ်တွင် လက်ကိုင်ဖုန်းကို သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် ၎င်းတို့ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ၍ အခြားအမှုများ ကျူးလွန်ထားခြင်း ရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

S-03