News

POST TYPE

CRIME & ACCIDENT

နေပြည်​​တော်​မှ ကားငှားပြီး ခိုးပြေးသူငါးဦးကို မင်းတုန်းတွင်ဖမ်းမိ
ပြည်​၊ ဇူလိုင်​ ၁၂

 နေပြည်​​တော်​ ဇမ္ဗူသီရိမြို့နယ်​မှ အငှားကား ငှားလာပြီး ပြည်​မြို့၊ ရွှေတံခါးဘူတာအနီး၌ ​သွား​ရောက်​လိုသည့်အိမ်ကို ရှာဖွေရန်​ ​ခေတ္တရပ်​ခိုင်းပြီးနောက် ကားကိုခိုးယူသွားခဲ့သူ ငါးဦးကို မင်းတုန်းမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်က ​ဖမ်းဆီးရမိခဲ့​ကြောင်း မဲဇလီနယ်​​မြေရဲစခန်းထံမှ သိရသည်။ 

ဇူလိုင်​လ ၁၁ ရက်​​နေ့က ​နေပြည်​​တော်​၊ ဇမ္ဗူသီရိမြို့နယ်​၊ အောင်​ဇမ္ဗူရပ်​ကွက်​မှ အမျိုးသားနှစ်​ဦး၊ အမျိုးသမီးနှစ်​ဦးနှင့် တစ်နှစ်အရွယ်​ က​လေးငယ်​တစ်​ဦးတို့သည် ဇူလိုင်​လ ၁၁ ရက်​​နေ့တွင်​ ကားငှားစီးလာပြီး ဇူလိုင်​လ ၁၂ ရက်​​နေ့၌ ပြည်​မြို့ ​​ရွှေတံခါးဘူတာသို့အ​ရောက်​ နံနက်​ ၅ နာရီ​ကျော်​တွင်​ ငှားရမ်းလာသူများက သွား​ရောက်​မည့်လိပ်​စာ ရှာ​ဖွေရန်​ကားကို ​ခေတ္တရပ်​ခိုင်းခဲ့ပြီး ကား​မောင်းနှင်​လာသူ အ​ပေါ့သွားစဉ်​ ခိုးယူ​မောင်းနှင်​သွားခဲ့ခြင်းဖြစ်​​ကြောင်း အဆိုပါစခန်းထံမှ သိရသည်။

“ခိုးယူခံရတဲ့သတင်းရ​တော့ လမ်း​တွေမှာ ပိတ်​ဆို့ရှာ​ဖွေမှုတွေ လုပ်​တဲ့အခါ ကားကို အ​နောက်​လှည့်ပြီးပြန်​​ပြေးကြတာနဲ့ လိုက်ဖမ်းတယ်​။ ပုသိမ်​- မုံရွာကား လမ်းအနီးမှာ ကားကိုလမ်း​ဘေးထိုးရပ်​ပြီး ထွက်​​ပြေးသွားကြတာပါ။ အခုည​နေမှာ အားလုံးကို ဖမ်းဆီးရမိပါပြီ”ဟု မဲဇလီ နယ်​​မြေရဲစခန်းမှ တာဝန်​ရှိသူတစ်​ဦးက ဆိုသည်။ 

လက်​ရှိ ဖမ်းဆီးရမိထားသည့် ကားခိုးယူလာသူငါးဦးကို မ​ကွေးတိုင်း မင်းတုန်းမြို့နယ်​ မဲဇလီနယ်​​မြေရဲစခန်းက ပြည်​မြို့ အမှတ်​ (၃) ရဲစခန်းသို့ လွှဲ​ပြောင်း​နေ​ကြောင်း ၎င်းက ဆက်​​လက်ပြောကြားသည်​။

“ရဲ​တွေ​ရော မီးသတ်​​တွေ​ရောက လမ်းမှာ​ စောင့်ဖမ်း​နေကြ​တော့ ကားက ပြန်​လှည့်​ပြေးသွားတာနဲ့ ​နောက်​က​နေ ဆိုင်ကယ်တွေနဲ့လိုက်​ကြရတာ၊ လမ်း​ဘေးမှာ ကားထိုးရပ်​ပြီးဆင်း​ပြေး​တော့ ရွာသား​တွေ ဝိုင်းဖမ်းပေးကြတာ”ဟု မဲဇလီ​ဒေသခံ ဦးနေမှူးလူက ​ပြောဆိုသည်​။

အဆိုပါ ကားခိုးယူ​ထွက်​​ပြေးသူ အသက်​ ၁၉ နှစ်​အရွယ်​ အမျိုးသမီးတစ်​ဦး၊ အသက်​ ၂၃ နှစ်​အရွယ်​ အမျိုးသမီးတစ်​ဦးနှင့် အသက်​၂၅ နှစ်​နှင့်၂၇ နှစ်​အရွယ်​ အမျိုးသားနှစ်​ဦး၊ အသက်​တစ်​နှစ်​အရွယ်​ က​လေးငယ်​တစ်​ဦးတို့ကို ပြည်​မြို့ အမှတ်​ ၃ ရဲစခန်းက ပ ၂၄၇/၂၀၁၈ ရာဇသတ်​ကြီး ပုဒ်​မ ၃၇၉အရ အမှုဖွင့် အ​ရေးယူထား​ကြောင်း ပြည်​မြို့ အမှတ်​ ၃ နယ်​မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်​။

M-06