News

POST TYPE

CRIME & ACCIDENT

လှိုင်သာယာတွင် မူးယစ်ဆေးဝါးရောင်းချသည့်လူငယ်သုံးဦးကို ဖမ်းမိ
10-Jul-2018

ရန်ကုန်၊ ဇူလိုင် ၉

လှိုင်သာယာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စပ်စံထွန်းလမ်းနှင့်မိုးမခလမ်းထောင့်တွင် ဇူလိုင်လ ၈ ရက် ညနေ ၆ နာရီခန့်က မူးယစ်ဆေးဝါးများရောင်းချသည်ဟုဆိုသော အသက် ၁၆ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်သုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၆ နှစ်အရွယ် ဇော်ဇော်လင်း၊ အမှတ် (၁၀) ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၇ နှစ်အရွယ် ဇင်ထွန်းနှင့် ကုလားကြီးစုကျေးရွာတွင်နေထိုင်သူ အသက် ၁၆ နှစ်အရွယ် နေလင်းကိုတို့သည် ယင်းနေ့က အခြားအမျိုးသားနှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများရောင်းချနေကြောင်း သတင်းအရရဲတပ်ဖွဲ့က အသွင်ယူ ဖမ်းဆီးခဲ့ရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြားများ၊ သုံးစွဲရာတွင်အသုံးပြုသောပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည်ဟုဆိုသော ဆိုင်ကယ်နှစ်စီး၊ စက်ဘီးတစ်စီးကိုပါ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတို့အဖွဲ့က ၅ ယောက်၊ သုံးယောက်ပဲ ဖမ်းမိခဲ့တာ။ နှစ်ယောက်က ထွက်ပြေးသွားတယ်။ ဖမ်းမိတဲ့သုံးယောက်ကိုတော့ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ သိရအောင် ဆေးစစ်ထားတယ်။ ရောင်းချနေတယ်လို့ သတင်းရတာနဲ့ အသွင်ယူဖမ်းဆီးခဲ့တာပါ။ ငွေက လေးသိန်းကျော်နဲ့ ဆေးပြား ၅၀ ကျော်ဖမ်းမိခဲ့တာ”ဟု အမှုဖွင့်တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ ဦးပေါ်ဦးလမ်းပေါ်ရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၈ ရက် ည ၁၀ နာရီခွဲခန့်က မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ကျော်၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ အသက် ၁၉ နှစ်မှ ၆၅ နှစ်ကြားရှိ အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး သောင်ကြီးနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

J-16