News

POST TYPE

CRIME & ACCIDENT

အဆိုတော် အစ္စဏီအမှု ရုံးပြောင်း စစ်ဆေးပေးရန် တရားလိုဘက်က လျှောက်ထား
ရန်ကုန်၊ ဇူလိုင် ၉

တာမွေမြို့နယ် တရားရုံးတွင် မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်နေရသည့် အဆိုတော် အစ္စဏီအမှုအား ရုံးပြောင်းစစ်ဆေးပေးပါရန် တရားလိုဖြစ်သူ မော်ဒယ်လ် စူးရှထက်ဘက်က အရှေ့ပိုင်းခရိုင် တရားရုံးထံသို့ လျှောက်တင်ထားကြောင်း ရှေ့နေ ဦးကျော်ဇင်ဦးထံမှ သိရသည်။

“တာမွေတရားရုံးမှာ လုံခြုံရေး အပြည့်အဝ ပေးထားတယ်။ အမှုကို မှန်မှန်ကန်ကန် စစ်ဆေးပေးနေတယ်။ ဒါပေမဲ့ တရားလိုဘက်က ဒီရုံးကိုပဲ သဘောမကျတာလား ဒါမှမဟုတ် သူ့အတွက်ပဲ Save မဖြစ်လို့လား ဘယ်လို အကြောင်းပြချက်ဆိုတာတော့ သေချာမသိဘူး။ ရုံးပြောင်းစစ်ဆေးပေးဖို့ ခရိုင် တရားရုံးထံ တင်ပြထားတယ်လို့ သိရတယ်”ဟု ဇူလိုင်လ ၉ ရက်နေ့ ရုံးချိန်းတွင် အစ္စဏီ၏ရှေ့နေ ဦးကျော်ဇင်ဦးက မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က တာမွေမြို့နယ် တရားရုံးတွင် တရားလို မော်ဒယ်လ်စူးရှထက်ကို တရားခွင် ရုံးခန်း တံခါးပိတ် စစ်ဆေးခဲ့သော်လည်း မပြီးဆုံးသေးသဖြင့် ဇူလိုင် ၉ ရက်နေ့တွင် ၎င်းကို ဆက်လက်စစ်ဆေးရန် တရားသူကြီးက သတ်မှတ်ပေးခဲ့ပြီးနောက် တရားလိုဖြစ်သူက လာရောက်ခဲ့ခြင်း မရှိသဖြင့် အမှုမစစ်ဆေးဖြစ်ဘဲ ယင်းအမှုမှာ အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရာဇဝတ်ပြင်ဆင်မှု အမှတ် ၆၅/၂၀၁၈ ဖြင့် ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်တင်ထားကြောင်း ယင်းတရားရုံးထံမှ သိရသည်။

“ဒီအမှုဖြစ်စဉ်မှာ အစ္စဏီခမျာ ခွင်ဆင်လုပ်ကြံ ဖန်တီးတရားစွဲဆိုခံရတဲ့ အနေအထား ဖြစ်နေတယ်။ ရုံးတော်ကို ကျွန်တော်တို့ဘက်က သက်သေ အထောက်အထားအချို့ တင်ပြထားပါတယ်။ အမှု စဖွင့်ကတည်းက ကျွန်တော့်အမှုသည် အစ္စဏီက ဖမ်းဆီးချုပ်နှောင်ခံရပြီး တရားရင်ဆိုင်နေရပေမယ့် တရားလိုဘက်က ရုံးတော်လာအစစ်ဆေးခံဖို့ အကြိမ်ကြိမ် ပျက်ကွက်မှုတွေ ရှိနေတာကြောင့် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့အရေး ကြန့်ကြာနေရတယ်လို့ ယူဆပါတယ်”ဟု ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။

ယခင်အပတ်ရုံးချိန်းက အစ္စဏီ၏ ရှေ့နေဘက်က ရုံးတော်သို့ တင်သွင်းထားသည့် Cele 7 အွန်လိုင်းမီဒီယာမှ အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ ဧပြီလ ၁၃ ရက်နေ့က မော်ဒယ်လ်စူးရှထက်ကို အင်တာဗျူးထားသည့် ဗီဒီယိုဖိုင်ကို ယနေ့ ရုံးချိန်းတွင် သက်သေခံပစ္စည်းအဖြစ် ရုံးတော်က လက်ခံခဲ့ကြောင်း တာမွေ မြို့နယ်တရားရုံးထံမှ သိရသည်။

မုဒိမ်းမှု ပုဒ်မ အပါအဝင် ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်နေရသည့် အဆိုတော် အစ္စဏီအမှုကို ဇွန်လ ၂၅ ရက်နေ့က တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့စဉ် မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ မိန်းမကိုယ်တွင် ထိုးသွင်းဒဏ်ရာမရှိခြင်းနှင့် သုက်ပိုးသုက်ရည်ကို မတွေ့ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု အစ္စဏီ၏ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက မီဒီယာများကို ဖြေကြားခဲ့သည်။

S-03