News

POST TYPE

CRIME & ACCIDENT

ပြုတ်ကျနေသည့် ဓာတ်ကြိုးကို တက်နင်းမိသူ ဓာတ်လိုက်သေဆုံး
ရန်ကုန်၊ ဇူလိုင် ၈

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၀) ရပ်ကွက်၊ ဦးဘချိုလမ်းနှင့် ဖိုးဝဇီရာလမ်းထောင့်ရှိ ရေမြောင်းဘေးတွင် ဇူလိုင်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး လမ်းဘေးဓာတ်တိုင်မှ ပြုတ်ကျနေသည့် ဓာတ်ကြိုးကို တက်နင်းမိကာ ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။

ဓာတ်လိုက်သေဆုံးသူမှာ အမှတ် (၅၀) ရပ်ကွက်၊ ကျောက်စက်ကွင်း၊ ဗိုလ်ရာညွန့်လမ်းတွင်နေထိုင်သူ ကိုထိုက်အောင်သည် ယင်းနေ့က ရေမြောင်းအတွင်းရှိ အမှိုက်များအား လိုက်လံရှင်းလင်းနေရာ လမ်းဘေးဓာတ်တိုင်မှ ပြုတ်ကျနေသည့် ဓာတ်ကြိုးကို တက်နင်းမိပြီး ဓာတ်လိုက်ကာ သေဆုံးနေသည်ကို တွေ့ရသဖြင့် ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကာ ယင်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။ 

“တခြားပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ သူက စည်ပင်သန့်ရှင်းရေးဝန်ထမ်းလည်း မဟုတ်ဘူး၊ ဒီလိုပဲ သူ့ဘာသာသူလိုက်ပြီး သန့်ရှင်းရေးလုပ်ရင်းဖြစ်သွားတာ။ ရေမြောင်းဘေးမှာပဲ ပက်လက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ”ဟု အမှုဖွင့်တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်၊ ရွှေကျီးလမ်းရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီခွဲခန့်က ဆန်းရှိုတ်အမိုး မိုးရန် အရှည် ၁၅ ပေ၊ တစ်လက်မခွဲပတ်လည်ရှိ ဟော်လိုသံပိုက်လုံးအား ဝရိန်ဆော်နေရင်း ရှေ့သို့ဆွဲထုတ်စဉ် နေအိမ်ရှေ့ရှိ ဓာတ်ကြိုးနှင့်ထိမိပြီး ဓာတ်လိုက်သတိလစ်လဲကျသွားသူ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး အင်းစိန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ်သေဆုံးခဲ့သည်။

J-16