POST TYPE
CRIME & ACCIDENT
အရက်ပုလင်းနှင့် ပိုးသတ်ဆေးမှားသောက်မိသူ သေဆုံး
09-Jul-2018
ရန်ကုန်၊ ဇူလိုင် ၈
မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၇ ရက် ညနေ ၆ နာရီခွဲခန့်က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး အရက်ပုလင်းနှင့်ပိုးသတ်ဆေးမှားသောက်မိရာက ဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ပိုးသတ်ဆေးသောက်ကာ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ မှော်ဘီမြို့မရဲစခန်း တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အထက်ပါလိပ်စာတွင်နေထိုင်သူ အသက် ၅၀ အရွယ် ဦးကြည်စိုးသည် ယင်းနေ့က နေအိမ်ပေါ်တွင် အရက်ပုလင်းနှင့် ရွက်ဖျန်းပိုးသတ်ဆေးကို မှားသောက်မိရာက ယင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်သိရှိ နိုင်ရန် ယင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၃/ ၁၈ ဖြင့်ဖွင့်ကာ စစ်ဆေးနေကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
“အရက်ပုလင်းနဲ့ ပိုးသတ်ဆေးမှားသောက်မိတယ်ဆိုတာ သေဆုံးသူကိုယ်တိုင် သူ့သားကိုဖွင့်ပြောထားခဲ့တယ်။ အဲဒါနဲ့ သားဖြစ်သူက သူ့အစ်မကို သွားခေါ်ပြီး ဆေးရုံပို့ကြတာ။ ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာ သေဆုံးသွားတာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၇ ခုနှစ်၌ အဆိပ်သောက်သေဆုံးသူ ၃၄ ဦး၊ အစာအဆိပ်သင့်သေဆုံးသူ ၃ ဦး၊ ဆေးသောက်လွန်သေဆုံးသူတစ်ဦးနှင့် ဆေးမှားသောက်သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက် နေ့အထိ အဆိပ်သောက်သေဆုံးသူ ၁၇ ဦး၊ အစာအဆိပ်သင့်သေဆုံးသူ တစ်ဦး၊ ဆေးသောက်လွန်သေဆုံးသူမရှိဘဲ ဆေးမှားသောက်သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
J-16
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019