News

POST TYPE

CRIME & ACCIDENT

မကွေးတိုင်းအတွင်း မိုးဆက်တိုက်ရွာ၍ လူ ၂၆၀၀ ကျော် ရေဘေးသင့်ပြီး ၇ ဦးသေဆုံး
13-Jun-2018 tagged as ရေကြီး မကွေး

မကွေး၊ ဇွန် ၁၂

မကွေးတိုင်းအတွင်း ဇွန်လ ၇ ရက် နေ့မှ ၁၂ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်း၍ ချောင်းများနှင့် ရေကျော်များ ရေလျှံသဖြင့် လူ ၂၆၀၀ ကျော်ရေဘေး သင့်ပြီး ၁၁ ဦးဒဏ်ရာရရှိကာ လူ ၇ ဦး သေဆုံးခဲ့ကြောင်း ယင်းတိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ရေကျော်များ ရေစီးသန်ခဲ့သဖြင့် ဆောမြို့နယ်တွင် ကျောင်းမှပြန်လာသည့် ကျောင်းသား/ သူ ၄ ဦး မျောပါသေဆုံးခဲ့ပြီး စကုမြို့၊ ရွှေပေါက်ကန်ရပ်ကွက်မှ အသက်တစ်နှစ်ခွဲခန့်ရှိ ကလေးငယ်သည် နေအိမ်အပေါ်၌ တစ်ဦးတည်းဆော့ကစားနေစဉ် နွားကူးချောင်းရေ ၃ ပေခန့် ဝင်ရောက်နေသည့် အိမ်အောက်ထပ်သို့ ပြုတ်ကျရာမှ ရေနစ်သေဆုံးခဲ့ကြောင်း၊ စလင်းမြို့နယ် ကုန်းကြားကျေးရွာမှ ဦးဌေးဝင်းဆိုသူသည် ဘော်ဒါဆောင်နေသည့်သားများထံ ထမင်းပို့ပြီး အပြန်တွင် အနက် ၃ ပေခန့်ရှိသည့် ဖောင်တော်ဦးရေကျော်ကို ဆိုင်ကယ်နှင့် ဖြတ်စီးရာမှ မျောပါသေဆုံးခဲ့ပြီး မင်းလှမြို့နယ် ရေနံမအုပ်စု သုံးမြေဆောင်တောင်ကုန်းတွင် တည်ဆောက်ဆဲ လျှပ်စစ်တာဝါတိုင်ပြိုကျ၍ အလုပ်သမားတစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

၇ ရက်နေ့က ဆောမြို့၌ မျောပါခဲ့သည့် ကျောင်းသားတစ်ဦး၏ အလောင်းနှင့် ဇွန်လ ၁၁ ရက်နေ့က ရေကျော်မှ မျောပါခဲ့သည့် ဦးဌေးဝင်း၏ အလောင်းတို့ကို မီးသတ်တပ်ဖွဲ့မှ ရှာဖွေနေဆဲဖြစ်သည်။

စကုမြို့နယ်တွင် မန်းချောင်းရေမြင့်တက်မှုကြောင့် အိမ်ထောင်စုပေါင်း ၂၄၀ မှ လူဦးရေ ၉၇၆ ဦးတို့ကို ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့ပေးထားရပြီး သရက်မြို့နယ်တွင်လည်း ချောင်းများဘေးရှိ အိမ်ခြေပေါင်း ၄၁၄ မှ လူဦးရေ ၁၆၃၁ ဦး တို့ကို ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးထားကြောင်း၊ ထို့ပြင် မုန်းချောင်းရေလျှံမှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်း နေအိမ်များရွှေ့ပြောင်းနေရပြီး စပါးခင်းများနှင့် နှမ်းခင်းများရေမြုပ်ခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးမှူးရုံးထံမှ သိရသည်။

“လူကယ်ပြန်ကနေ အိမ်တွေနေရာရွှေ့ရတာကို သွားပြီးကူညီထောက်ပံ့မှုတွေ လုပ်ပေးနေပါတယ်။ အိမ်ပြိုလို့၊ သစ်ပင်ပိလို့ ဖြစ်တဲ့အိမ်တွေကို ကူညီထောက်ပံ့နေပါတယ်”ဟု ပွင့်ဖြူမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ပြောကြားသည်။

“မနေ့က ညနေပိုင်းက ရေကျော်အချို့မှာ လမ်းပြန်ပွင့်တယ်။ ဒါပေမဲ့ ဒီနေ့ (ဇွန်လ ၁၂ ရက်) မှာတော့ ပြန်ပိတ်တယ်။ မနေ့က ချောင်းနှစ်ချောင်းပဲ ပိတ်တယ်ဆိုပေမယ့် ဒီနေ့ချောင်းလေးချောင်းအထိ ပိတ်မိတယ်။ အစားအသောက်နဲ့ ရေအခက်အခဲတွေ ဖြစ်နေကြတယ်”ဟု မြို့သစ်မြို့မှ ဦးအောင်ကျော်က ပြောကြားသည်။

လွင်အေး