News

POST TYPE

CRIME & ACCIDENT

စာမေးပွဲမဖြေနိုင်၍ ကျောင်းကို ဓာတ်ဆီလောင်း မီးရှို့
12-Jun-2018

ရန်ကုန်၊ ဇွန် ၁၁

ရွှေပြည်သာမြို့နယ်၊ လှော်ကားကွန်ပျူတာတက္ကသိုလ်တွင် ပထမနှစ်ကျောင်းသားတစ်ဦးက ပုံနှိပ်စာအုပ်များရောင်းချနေသည့် အခန်းတစ်ခန်းကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အရေးယူခံရသည့် အသက် ၁၉ နှစ် အရွယ် ပထမနှစ်ကျောင်းသားမှာ ရွှေပြည်သာမြို့နယ်၊ ၂၆ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၉ ရက် နံနက် ၁ နာရီဝန်းကျင်က လှော်ကားကွန်ပျူတာတက္ကသိုလ်အတွင်းရှိ အဆောင်အမှတ် (C-001) ၌ ပုံနှိပ်စာအုပ်များ ရောင်းချသည့်အခန်းတွင် ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲအရာရှိကပြောကြားသည်။

“ပထမနှစ်ဝက် စာမေးပွဲကို မဖြေနိုင်လို့ ကျောင်းကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးခဲ့တာလို့ အမှုဖွင့်အရေးယူခံရတဲ့ ကျောင်းသားက ထွက်ဆိုထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းသုံးပုံနှိပ်စာအုပ် ၆၀၀ အုပ်၊ သစ်သားဗီရိုအလွတ် တစ်လုံးနှင့် ပန်ကာအကြီးလေးခု၊ ၄ ပေ မီးချောင်းခြောက်ချောင်းတို့မှာ မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်းတန်ဖိုးငွေ ၃၇ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ပထမနှစ်ကျောင်းသားကို လှော်ကားနယ်မြေ ရဲစခန်းက (ပ) ၃၆၈/ ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03