News

POST TYPE

CRIME & ACCIDENT

ကျွန်းလှလွှတ်တော်ကိုယ်စားလှယ် ဆိုင်ကယ်တိုက်၍ ဆေးရုံတက်ရောက်
မုံရွာ၊ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းသည် ဇွန်လ ၉ ရက်နေ့ညက ဆိုင်ကယ်တိုက်မိမှုကြောင့် ဦးခေါင်းဒဏ်ရာရရှိခဲ့ရာ မုံရွာပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် မန္တလေးမြို့ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မုံရွာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ ည ၇ နာရီခွဲခန့်က ၎င်းသည် ဆိုင်ကယ်စီးနင်းလာပြီး မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှ ချိုးကွေ့စဉ်မျက်နှာချင်းဆိုင်မှ အမျိုးသားတစ်ဦးမောင်းနှင်လာပြီး နောက်မှအမျိုးသမီးတစ်ဦးလိုက် ပါစီးနင်းလာသည့် ဆိုင်ကယ်နှင့်တိုက်မိပြီး ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။

“ထတာထိုင်တာတွေတော့လုပ်နိုင်ပေမယ့် သူကဘာမှကိုမမှတ်မိဘူးဖြစ်နေတာတွေ့ရပါတယ်”ဟု ကျွန်းလှမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုးက ပြောဆိုသည်။

“သုံးဦးစလုံး ဆိုယ်ကယ်စီးဦးထုပ် ဆောင်းထားတာမရှိဘူး။ ဆိုင်ကယ်မောင်းသူနှစ်ဦးစလုံးကို ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူထားပါတယ်”ဟု အဆိုပါဖြစ်စဉ်တွင် အမှုစစ်အဖြစ် ဆောင်ရွက်သူ ဒုရဲအုပ် ဝင်းကိုကိုက ပြောဆိုသည်။

ယင်းဖြစ်စဉ်တွင် လွှတ်တော်ကိုယ်စားလှယ်ဆိုင်ကယ်သည် မျောပြီးချိုးကွေ့သည့်အတွက် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး လမ်းမအတိုင်း မောင်းနှင်လာသူကလည်း လမ်းဆုံတွင် အရှိန်မလျှော့ခဲ့သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါယာဉ်မတော်မဆမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လင်း အသက် ၆၂ နှစ်သည် ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့ပြီး မြင့်ဝေ အသက်၂၈ နှစ်သည် နှုတ်ခမ်းပေါက်ပြဲသွားကျိုးခဲ့ကာ အမျိုးသမီးမှာ မျက်နှာပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းထံမှသိရသည်။

“အခုလောလောဆယ်ကတော့ စမ်းသပ်ထားတုန်းပဲရှိပါသေးတယ်။ ဘာတွေထိခိုက်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး”ဟု ဦးကျော်လင်းကို ကူညီဆောင်ရွက်ပေးနေသည့် နီးစပ်သူတစ်ဦးက ဆိုသည်။ 

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းသည် ဧည့်သည်တစ်ဦးနှင့် တွေ့ဆုံရန်အတွက် နေအိမ်မှထွက်ခွာလာစဉ် အခြားဆိုင်ကယ်တစ်စီးနှင့်တိုက်မိကာ မုံရွာဆေးရုံသို့တင်ပို့ပေးခဲ့ပြီး၊ ယင်းမှတစ်ဆင့် ညတွင်းချင်းပင် မန္တလေးဆေးရုံသို့လွှဲပြောင်းခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းတွင် ယာဉ် (ပ) ၅၀ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးကို အမှုဖွင့်ထားကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-08/ M-04