News

POST TYPE

CRIME & ACCIDENT

ချောင်းကူးတံတားမရှိသဖြင့် ကျောင်းသားငယ်များ အခက်ကြုံနေရ
26-Sep-2016
ကျောင်းဆင်းချိန် တောင်ကျချောင်းရေကျသည်နှင့်ကြုံတွေ့ရသဖြင့်
ကျောင်းသားငယ်များ ချောင်းအတွင်း ဖြတ်ကူးနေရသည်ကို
စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - Soe Wai Han)


စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အင်းမကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းသည့် တောင်ကျချောင်းတွင် ချောင်းကူးတံတားမရှိသည့်အတွက် ကျောင်းသားငယ်များ အခက်အခဲနှင့်ကြုံတွေ့နေကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

"ရွာက ဆင်းရဲနွမ်းပါးတဲ့ ရွာလဲ ဖြစ်နေတော့ ကိုယ်ပိုင်တံတားထိုးဖို့ကလည်း မလွယ်ဘူး။ ကြိုးတံတားဖြစ်ဖြစ်၊ လူကူးတံတားဖြစ်ဖြစ်တော့ လိုချင်တာပေါ့ဗျာ။ ကလေးငယ်တွေ ကျောင်းတက်၊ ကျောင်းဆင်းချိန် တောင်ကျချောင်းရေကျလာရင် အရမ်းအခက်အခဲဖြစ်နေလို့ပါ" ဟု အုပ်ချုပ်ရေမှူးဦးစန်းမြင့်က ပြောသည်။

အင်းမကျေးရွာအရှေ့ဘက်ခြမ်းတွင်ရှိသည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တက်ရောက်နေကြသည့် ရွာအနောက်ဘက်ခြမ်းနေ ကလေးငယ်များသည် တောင်ကျချောင်းရေကျဆင်းလာပါက ယင်းချောင်းအတွင်းသို့ ဖြတ်ကူးသွားလာကြရကြောင်း၊ ယင်းသို့ ဖြတ်ကူးရာမှ ကလေးငယ်များ ချောင်းရေဖြင့် မျောပါသည့်အဖြစ်များလည်း ကြုံတွေ့ရကြောင်း၊ ကလေးများ ကျောင်းတက် ပျက်ကွက်ရခြင်းများလည်းရှိပြီး ကျောင်းပိတ်ထားရသည်မျိုးလည်းရှိကြောင်း ၎င်းက ပြောဆိုသည်။

တောင်ကျချောင်းရေကျပါက ရွာရှိ ကျောင်းသားမိဘများက ကလေးငယ်များကို ကျောပိုး၍ ချောင်းအတွင်းဖြတ်၍ ကူးကြရပြီး ဆရာ၊ ဆရာမများပါ လိုက်လံစောင့်ရှောက်ကူးပေးနေရသည်ဟု အင်းမကျေးရွာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးစိုးဝေဟန်က ပြောသည်။

ကလေးငယ်များ ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသည့်အတွက် ကြိုးတံတားဖြစ်စေ၊ လူကူးတံတားဖြစ်စေ တည်ဆောက်ပေးရန်လိုအပ်လျက်ရှိသည်ဟု ဦးစိုးဝေဟန်ကလည်း ထပ်လောင်းပြောကြားသည်။

အင်းမကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တက်ရောက်နေသည့်ကျောင်းသူ၊ ကျောင်းသားပေါင်း ၄၁၅ ဦးရှိပြီး အဆိုပါ စာသင်ကျောင်းကို ၁၉၇၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


  • VIA