News

POST TYPE

CRIME & ACCIDENT

ဘင်္ဂလားဒေ့ရှ် မူးယစ်စစ်ဆင်ရေးတွင် လူ ၇၀ ကျော် သေဆုံး
30-May-2018



ဒါကာ၊ မေ ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်မေလအတွင်း စတင်ခဲ့သော မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးတွင် လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကိုကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

မြို့တော်ဒါကာတွင် အကြီးစားစီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

မေလ ၂၆ ရက်နေ့က လူ ၁၀၀ ကျော် ထိန်းသိမ်းခဲ့ပြီး တရားမဝင် မူးယစ်ကုန်သွယ်မှုတွင်ပါဝင်သည်ဟု သံသယရှိသူများနှင့် ပဋိပက္ခဖြစ်ပွားရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကမူ ယခုနှိမ်နင်းမှုမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ မူးယစ်စစ်ပွဲနှင့် အလားသဏ္ဌာန်တူနေကြောင်း ဝေဖန်ခဲ့ကြသည်။

စစ်ဆင်ရေးစတင်ကတည်းက လူထောင်ချီထိန်းသိမ်းခံထားရပြီး မူးယစ်သုံးစွဲသူ ရာနှင့်ချီပြီး ဒဏ်ကြေးပေးဆောင် ထားရကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အထူးခြေမြန်တပ်ဖွဲ့က ထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မူးယစ်နှိမ်နင်းရေးသည် အစ္စလာမ္မစ်အစွန်းရောက်ဝါဒ နှိမ်နင်းရေးနှင့် အလားတူ အားထုတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားထားသည်။

လူ့အခွင့်အရေးအဖွဲ့များကမူ ယခု စစ်ဆင်ရေးသည်တရားမဝင်ဟု ဝေဖန်ထားသည်။ လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက်မှုအကြောက်တရားကို ဖန်တီးနေကြောင်း ဒါကာအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ပင်နာကီဘတ်တာချာယာအဖွဲ့က ဝေဖန်ထားသည်။

“ဒါက ဥပဒေပ သတ်ဖြတ်မှုတွေ လူ့အခွင့်အရေး ဆိုးဆိုးရွားရွားချိုးဖောက်မှုတွေပါပဲ။ တပ်ဖွဲ့တွေဟာ သူတို့ကိုယ်တိုင်ပဲ တရားသူကြီး၊ ဂျူရီလူကြီး၊ ပါးကွက်အာဏာသား လုပ်နေကြတယ်” ဟု အဆိုပါအဖွဲ့က ဝေဖန်ခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန်လိုကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

F-03