News

POST TYPE

CRIME & ACCIDENT

မြစ်ကြီးနားတွင် ဓားထောက်အနုကြမ်းစီး၊ ငွေသိန်း ၇၇၀ လုယက်ခံရ
10-May-2018
မြစ်ကြီးနား၊ မေ ၉

မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်တွင်းရှိ နေအိမ်တစ်လုံးတွင် မေလ ၈ ရက်နေ့ ည ၁၀ နာရီက အသက် ၄၅ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို အမည်မသိလူနှစ်ဦးက ဓားထောက် အနုကြမ်းစီး၍ ငွေကျပ်သိန်း ၇၇၀ ကိုလုယူခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။

အနုကြမ်းစီးမှုဖြစ်ပွားခဲ့သော အိမ်တွင်နေထိုင်သူ ဒေါ်ရွယ်ဂျီးသည် နေအိမ်အရှေ့ခန်း မှန်တင်ခုံရှေ့တွင်ထိုင်နေစဉ် တံခါးခေါက်သံကြား၍ တံခါးသွားဖွင့်ပေးရာ အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးဓားထောက်၍ အော်လျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းအား အမည်မသိလူတစ်ဦးက နှာခေါင်းနှင့် ပါးစပ်ပိတ်လိုက်ရာမှ သတိလစ်ပြီး လဲကျခဲ့ကြောင်း ယင်းရဲမှတ်တမ်းအရ သိရသည်။

ထို့နောက် ဒေါ်ရွယ်ဂျီးသည် ခဏအကြာ သတိပြန်လည်ရလာသည့်အခါ ဘေးနားတွင် မိသားစုဝင်များရောက်ရှိနေသည်ကို တွေ့ရပြီးနောက် ခင်ပွန်းဖြစ်သူက အိမ်ခန်းများစစ်ဆေးကြည့်ရာ အိပ်ခန်းခုတင်ဘေးတွင် ဆာလာအိတ်ဖြင့်ထည့်ပြီး ချထားသည့် မြန်မာငွေ ကျပ်သိန်း ၇၇၀ တိတိမှာ မရှိတော့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“အမျိုးသမီးတစ်ဦးတည်း ရှိနေတာကို အခွင့်ကောင်းယူပြီး လာလုပ်သွားတာလို့ သုံးသပ်လို့ရတာပေါ့”ဟု မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကို မြို့မရဲစခန်းတွင် (ပ) ၉၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၄၄ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ရတနာလမ်း၊ နယ်မြေ ၉၊ ဆိုင်ခန်းအမှတ် ၉၁ နှင့် ၉၂ တွင် ဖွင့်လှစ်ထားသည့် ကျော်မြန်မာ ရွှေဆိုင်ကို ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က အမည်မသိလူနှစ်ဦးမှ အနုကြမ်းစီးမှုဖြစ်ပွားခဲ့၍ ရွှေ ၃ ပိဿာ ပါသွားခဲ့သည့် အမှုလည်း ယခုအချိန်ထိ စုံစမ်းနေဆဲဖြစ်သည်။ 

R-06


  • VIA