News

POST TYPE

CRIME & ACCIDENT

တန်ဖိုးကျပ်သိန်း ၂၀၀ အထက် လိုင်စင်မဲ့ယာဉ် ၃၀ ကျော် နိုင်ငံပိုင်သိမ်း
03-May-2018
ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်း၌ သုံးလအတွင်း တန်ဖိုး ကျပ်သိန်း ၁၀၀ မှ ၂၀၀ အထက်ရှိ လိုင်စင်မဲ့ယာဉ် ၃၀ ကျော်ကို ဖမ်းဆီးရမိပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

“တစ်လ၊ တစ်လကို ဆယ်စီးကျော် ဖမ်းဆီးရမိတယ်။ တန်ဖိုးငွေကတော့ သိန်း ၁၀၀ နဲ့ ၂၀၀ အထက်မှာပဲရှိပါတယ်။ နံပါတ်ပွားထားတဲ့ယာဉ် မဟုတ်ဘူး။သာမန် without ကားတွေပါ”ဟု ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် လိုင်စင်မဲ့ယာဉ် ၁၁ စီး၊ ဖေဖော်ဝါရီလတွင် ၁၃ စီး၊ မတ်လတွင် ၁၃ စီး ဖမ်းဆီးရမိပြီး ပိုင်ရှင်မဲ့ယာဉ်အများဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်း လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးရာတွင် ယခင်နှစ်က နှစ်ရက်လျှင် တစ်စီးနှုန်းဖြင့် ဖမ်းဆီးမှုရှိခဲ့ပြီး ယခုနှစ်တွင် တစ်ရက်ကို တစ်စီး၊ နှစ်စီးခန့် ဖမ်းဆီးရမိကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။

တရားမဝင်လိုင်စင်မဲ့ယာဉ် စစ်ဆေးဖမ်းဆီးရာတွင် ၂၀၁၇ ခုနှစ်က ၁၄၉ စီး ဖမ်းဆီးရမိကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း အမှတ် ၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက ရှောင်တခင် စစ်ဆေးဖမ်းဆီးပြီး လိုင်စင်မဲ့ယာဉ် ဝင်ရောက်မှုကို နယ်စပ်ဂိတ်များတွင်လည်း စစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအရေးယူရာတွင် ပိုင်ရှင်နှင့်တကွ ဖမ်းဆီးရမိပါက ယာဉ်ပိုင်ရှင်ကို တရားမဝင် ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ဒဏ်ငွေကျပ် နှစ်သိန်းနှင့်ထောင်ဒဏ်သုံးနှစ် ချမှတ်ကာ အမှုဖွင့်အရေးယူပြီး ပိုင်ရှင်မဲ့ဖြစ်ပါက ယာဉ်ကိုနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင်ရောင်းချကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 

J-06


  • VIA