News

POST TYPE

CRIME & ACCIDENT

ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ သုံးဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ
01-May-2018


လားရှိုး၊ ဧပြီ ၃၀ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားတွင် ဧပြီလ ၃၀ ရက်နေ့ နံနက်က ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါလမ်းပိုင်း နမ့်ဖတ်လွန်းရွာအနီး မိုင်တိုင်အမှတ်၂၃၆/၄-၅ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန္တလေးမှ မူဆယ်သို့သွားသည့် Winner ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကို ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကူညီဆောင်ရွက်ပေးနေသူများနှင့် ကွတ်ခိုင်မြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ထောင်စုလမ်းတွင် အဆိုပါ မိုင်တိုင်အမှတ်၂၃၆/၄-၅ အနီးလမ်းပိုင်းသည် အဆင်းလမ်းဖြစ်သည့်အတွက် မော်တော်ယာဉ်အများစုသည် အရှိန်မထိန်းနိုင်ပါက ယာဉ်မတော်မဆ မကြာခဏ ဖြစ်ပေါ်တတ်လေ့ရှိသည့် နေရာလည်းဖြစ်ကြောင်း Oriental Highway ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို နမ့်ဖတ်ကာရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-07
 


  • VIA