News

POST TYPE

CRIME & ACCIDENT

သြင်္ကန်ကာလ ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံခြင်းရှိ မရှိကိုစစ်
05-Apr-2018


လားရှိုး၊ ဧပြီ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် သြင်္ကန်အကြိုကာလအတွင်း ခရီးသည်များ သွားလာမှုအဆင်ပြေစေရေးနှင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများက ယာဉ်စီးခပိုမိုကောက်ခံခြင်း ရှိ မရှိနှင့် စည်းကမ်းလိုက်နာခြင်း ရှိ မရှိကို ဧပြီလ ၂ ရက်နေ့မှစကာ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

လားရှိုးမြို့မှ ဒေသအသီးသီးကို ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများကို ခရီးစဉ်စတင်ထွက်ခွာသည့် ယာဉ်ရပ်နားစခန်းများတွင် စစ်ဆေးခြင်းဖြစ်ပြီး ယင်းသို့စစ်ဆေးခြင်းကို ဧပြီလ ၂ ရက်နေ့မှစ၍ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း လားရှိုးမြို့ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ် ညှိနှိုင်းမှုဌာနမှ တွဲဖက်ပြည်နယ် ဦးစီးမှူး ဦးဇော်ဇော်ဝင်းက ပြောကြားသည်။

“အဓိကကတော့ ခရီးသွားတွေ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဖွဲ့ပြီးလုပ်ဆောင်တာပါ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ပူးပေါင်းအဖွဲ့တွင် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ညှိနှိုင်းမှုဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဉ်ရပ်နားစခန်းဝင်းအတွင်းရှိ ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ ပါဝင်သည်။ 

လားရှိုးမြို့ရှိ နားမခေါ်အဝေးပြေးယာဉ်ရပ်နားစခန်းဝင်းအတွင်းမှ မြန်မာ ပြည်အရပ်ရပ်သို့ ပြေးဆွဲနေသော ခရီးသည် ပို့ဆောင်ရေးယာဉ်များကို ယာဉ်ထွက်ခွာချိန်မှ စတင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ မန်ဆူ ခရီးသည်ပို့ဆောင်ရေး ယာဉ်ရပ်နားစခန်းအတွင်းမှ ယာဉ်လိုင်း ၆၈ လိုင်းကို ခရီးစဉ် အစထွက်ခွာချိန်တွင် လိုအပ်ချက်များရှိပါက ချက်ချင်းလုပ်ဆောင်စေခြင်း၊ ခရီးသည်တစ်ဦးချင်းစီကို ခရီးသွားလာမှု အဆင်ပြေမပြေစသည်တို့ကို မေးမြန်းခဲ့ကြောင်း ယင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

မန်ဆူအဝေးပြေး ယာဉ်ရပ်နားစခန်းမှာ ယာဉ်ငယ်များသာပြေးဆွဲခြင်းဖြစ်ပြီး ယာဉ်လိုင်းပေါင်း ၆၈ သင်းရှိကာ နားမခေါ် အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ခရီးသည် ပို့ဆောင်ရေး မှန်လုံယာဉ်လိုင်းပေါင်း ၃၂ သင်း ရှိကြောင်း၊ လားရှိုးမြို့မှ ဒေသအသီးသီးသို့ ထွက်ခွာမည့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများမှာ ဧပြီလ ၁၂ ရက်နေ့အထိသာ ပြေးဆွဲမည်ဖြစ်ပြီး သြင်္ကန်ကာလအတွင်း ယာဉ်လိုင်းများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းများထံမှ သိရသည်။

R-07


  • VIA