News

POST TYPE

CRIME & ACCIDENT

သြင်္ကန်ကာလ ယာဉ်တစ်စီးလျှင် ထိုင်ခုံငါးခုံ ချန်ထားပေးရန် သတိပေးထားဟုဆို
05-Apr-2018


မန္တလေး၊ ဧပြီ ၄

ယခုနှစ် သြင်္ကန်ကာလ ရုံးပိတ်ရက်အတွင်း နေရပ်ပြန်မည့် အစိုးရဝန်ထမ်းများ ကားလက်မှတ် အဆင်ပြေစေရန် ယာဉ်တစ်စီးလျှင် ထိုင်ခုံငါးခုံ ချန်ထားပေးရန် စာထုတ်သတိပေးထားကြောင်း မန္တလေးတိုင်း အဝေးပြေး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီထံမှ သိရသည်။

“ဝန်ထမ်းတွေ လာမယ့်နေ့နဲ့ ပြန်မယ့်နေ့ကို အဓိက ထားတာပါ။ သြင်္ကန်ကာလအတွက်ပဲ ရည်ရွယ်တာပါ။ များသောအားဖြင့် သြင်္ကန်နားနီးတဲ့အခါ လက်မှတ်ကိစ္စ ပြဿနာ တက်တာများတာကြောင့်ပါ”ဟု မန္တလေးတိုင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

သြင်္ကန်ကာလတွင် ယာဉ်လက်မှတ် အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာခဲ့ပါက အဝေးပြေး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ (ယကက) ၊ စည်ပင်သာယာတို့က ယာဉ်လက်မှတ် လိုအပ်သည့် ခရီးသည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယာဉ်လိုင်းများအနေနှင့် သတ်မှတ် လက်မှတ်နှုန်းထားထက် ပိုမိုရောင်းချကြောင်း တိုင်ကြားခံရပါက ယာဉ်တစ်စီးလျှင် ဒဏ်ငွေ ၅၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။

ကားထွက်မည့်အချိန်အထိ ချန်ပေးထားရသော ထိုင်ခုံများကို ခရီးသည် မလိုက်ဖြစ်လျှင် လက်မှတ်ပြန်ရောင်းချရန် အဆင်မပြေတော့သဖြင့် လုပ်ငန်းရှင်များအနေနှင့် နစ်နာကြောင်း JJ Express(ယာဉ်လိုင်းအသင်း-မန္တလေး) တာဝန်ခံ ဦးစိုးလှိုင်က ပြောကြားသည်။

“လိုက်မှန်းမသိ မလိုက်မှန်း မသိတဲ့ ခရီးသည်ကို မျှော်နေရမယ်ဆိုရင် သဘာဝ မကျဘူး။ ခုံချန်ပေးရတယ် ဆိုကတည်းက ဘယ်ကောင်းတော့မလဲ။ သာမန် ခရီးသည်ကို လွတ်လွတ်လပ်လပ် ရောင်းလို့ မရတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

အစိုးရဝန်ထမ်းများ ရုံးပိတ်ရက်ကို ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က မေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ ကျွဲဆည်ကန် ကားကွင်းတွင် ကားလက်မှတ်များ ဝယ်ယူရခက်ခဲနေပြီး ရက်ကြို၍ ဝယ်ယူနေရကြောင်း မန္တလေးမြို့ခံ အချို့ထံမှ သိရသည်။

အစိုးရဝန်ထမ်းများအတွက် သြင်္ကန်ကာလ ရုံးပိတ်ရက် ကုန်ဆုံးသွားပါက ခရီးသွားလက်မှတ် အခက်အခဲဖြစ်ရသည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားရကြောင်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော မန္တလေးမြို့ခံ အစိုးရဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“အခုလို လုပ်ပေးမယ်ဆိုရင် ခရီးသည်တွေ သိအောင် ကြေညာပေးသင့်တယ်၊ ဒါမှ လက်မှတ်ဈေးကြီးတဲ့ကိစ္စ လျော့သွားနိုင်မယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော်တွင် အဝေးပြေး ယာဉ်ရပ်နားစခန်း သုံးခုရှိပြီး ယာဉ်လိုင်း ၄၀၀ ကျော်ဖြင့် မြန်မာနိုင်ငံဒေသအနှံ့သို့ ပို့ဆောင်ပေးနေကြောင်း၊ သြင်္ကန်ကာလအတွင်း ယာဉ်လိုင်းပြေးဆွဲမှု ရပ်နားထားမည်ဟု တင်ပြထားသော ယာဉ်လိုင်း ၁၅ လိုင်းကျော်ရှိကြောင်း ယာဉ်ကြီးကြပ်ရေး ကော်မတီ (မန္တလေး) ထံမှ သိရသည်။

M-08


  • VIA