News

POST TYPE

CRIME & ACCIDENT

မြစ်ကြီးနားတွင် ရွှေဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ
01-Apr-2018


မြစ်ကြီးနား၊ ဧပြီ ၁

မြစ်ကြီးနားမြို့ မြို့မရပ်ရတနာလမ်းရှိ ကျော်မြန်မာရွှေဆိုင်ကို ယနေ့(ဧပြီလ ၁ ရက်) နံနက် ၉နာရီခန့်တွင် အမည်မသိလူနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးခဲ့ကြောင်း မြို့မရပ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။

ရွှေဆိုင်ပိုင်ရှင် ဦးကျော်ထွန်းသည် ဆိုင်တံခါးကိုဖွင့်၍ ဆိုင်အတွင်းဝင်စဉ် အမည်မသိလူနှစ်ဦးက ဓားဖြင့်ထောက်၍ ရွှေတောင်းသဖြင့် ကားထဲတွင်ရှိကြောင်း ဦးကျော်ထွန်းက ပြန်လည်ဖြေဆိုခဲ့သည်။ ထို့နောက် အနုကြမ်းစီးသူများက ဦးကျော်ထွန်းဝမ်းဗိုက်ကို ဓားဖြင့်ထိုး (မစိုးရိမ်ရ၊ ဆေးရုံတွင် ဆေးကုသမှုခံယူနေ)၍ ဆိုင်ခန်းအိမ်သာတွင် သော့ခတ်ကာ ထိန်းသိမ်းပြီး ရွှေပစ္စည်းများပါသည့် တိုရိုတာဗစ်တာကားကို မောင်းပြေးသွားသည်ဟု ၎င်းကရှင်းပြသည်။

အနုကြမ်းစီးသူနှစ်ဦးသည် ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး ဖုန်ကာတပ်ထားကြောင်း၊ အသက် ၄၀ ဝန်းကျင်များဟု ခန့်မှန်းရကြောင်း၊ ကားထဲ၌ လက်ဝတ်ရတနာ အထည်မျိုးစုံ နှစ်ပိဿာခန့် ပါသွားသည့်အပြင် ဆိုင်အတွင်းမှ လုံခြုံရေး ကင်မရာများပါ ယူဆောင်သွားခဲ့ကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

ဇန်နဝါရီလကုန်ပိုင်းကလည်း မြစ်ကြီးနားမြို့ မင်းရပ် စည်ပင်သာယာဈေး (၁) KBZ မီနီဘဏ်တွင် ဝန်းထမ်းများငွေသိမ်းရန် ရေတွက်နေချိန် အမည်မသိလူ ၄ဦး တုတ်၊ ဓားများကိုင်ဆောင်ကာ ဝင်ရောက်ပြီး လုယက်၊ အနုကြမ်းစီးမှုဖြစ်ခဲ့သည်။ ကျပ်သိန်း ၉၂၀ကျော် ပါသွားခဲ့ပြီး ထိုအမှုလည်း ယခုအချိန်ထိ လက်သည်မပေါ်သေးပေ။

R-06