News

POST TYPE

CRIME & ACCIDENT

ကျောက်မဲတွင် နွားတင်လာသည့်ကား သေနတ်ဖြင့်ပစ်ခံရ၍ နှစ်ဦးသေဆုံး
11-Mar-2018

လားရှိုး၊ မတ် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းအပိုင်း ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု မန်တန်းရွာနှင့် လွယ်လန်းလမ်းဆုံတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ကျန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

နွားအကောင် ၂၀ တင်လာသည့် မော်တော်ယာဉ်ကို အရပ်ဝတ်ဝတ်ဆင်ထားသူနှစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်မောင်းနှင့်အတူ ရှေ့ခေါင်းခန်း၌ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုလမ်းပိုင်း၊ မိုင်တိုင် အမှတ်၉၇/ဝ-၁ အကြား လွယ်လန်းလမ်းဆုံအရောက်တွင် ယာဉ်ကိုရပ်တန့်စေပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင်နွားများ တင်ဆောင်ထားရာနောက်ခန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ နွားနှစ်ကောင်ထိမှန်သေဆုံးရကြောင်း၊ အဆိုပါနွားများ တင်ဆောင်လာသည့်ယာဉ်မှာ မုံရွာမြို့ရှိအောင်ဆန်းဝင်းကုမ္ပဏီမှ တရားဝင်တင်ဆောင်လာခြင်းဖြစ်ပြီး မူဆယ်မြို့သို့သွားရောက်မှာဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင် မည်သူမည်ဝါ၏လက်ချက်ဟု ပြောဆိုနိုင်ခြင်းမပြုနိုင်သေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရဲအရာရှိက ဆက်လက်ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းဦးဝင်းမြင့် ၅၆ နှစ် မူဆယ်မြို့နေသူနှင့် မခင်မျိုးသွယ် ၄၃ နှစ် မူဆယ်မြို့နေသူနှစ်ဦးမှာ လက်နက်ငယ်ထိမှန်မှုကြောင့် နေရာတွင်သေဆုံးခဲ့ရကြောင်း၊ နွားအကောင် ၂၀ ဖြင့် နောက်ခန်းတွင် လိုက်ပါလာသူ နွားထိန်း ဦးခင်မောင်ရင်မှာ ပစ်ခတ်မှုဖြစ်စဉ်တွင် နွားများဖြင့် ကာကွယ်ပုန်းအောင်းနေမှုကြောင့် လက်နက်ထိမှန်ခြင်းမရှိခဲ့ဘဲ နွားများကိုသာထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကလည်း နောင်ချိုနှင့် ကျောက်မဲအကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်ကို လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

လက်ရှိအခြေအနေတွင် ကျွဲ၊ နွားများကို တရားဝင်တင်ပို့ ရောင်းချခွင့်ပြုချိန်တွင် ကျွဲ၊ နွားတင်ပို့သူများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတောင်းခံသည့် ငွေကြေးကိုမပေးသည့်အတွက် ယခုကဲ့သို့ နှောက်ယှက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ကျောက်မဲမြို့မှ ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

R-07