News

POST TYPE

CRIME & ACCIDENT

နေပြည်တော် ဥတ္တရသီရိတွင် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲ၊ ကလေးငယ်နှစ်ဦးနှင့် ကျွဲနှစ်ကောင် ဗုံးစ ထိမှန်
13-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၈ နာရီ၌ ၁၀ နှစ်အရွယ် ယောက်ျားလေးငယ်တစ်ဦးက ဗုံးသီးဟောင်းတစ်လုံးကို မီးပုံထဲပစ်ထည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်နှစ်ဦးနှင့် ကျွဲနှစ်ကောင်တို့ကို ဗုံးစများ ထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၄၀ မမ ဗုံးသီးဟောင်းတစ်လုံးကို ၁၀ နှစ်အရွယ် ယောက်ျားလေးငယ်မှာ ယင်းနေ့ နံနက်က နေအိမ် အနောက်ဘက် တွင် မီးလှုံနေသော မီးဖိုထဲသို့ ပစ်ထည့်ခဲ့ သဖြင့် ပေါက်ကွဲမှုဖြစ်ကာ မီးဖိုနှင့် ၁၀ ပေ ခန့်အကွာတွင် နေပူဆာလှုံနေသော ၁၃ နှစ်အရွယ် မိန်းကလေးနှင့် ၎င်းမှပွေ့ချီထားသော အသက်တစ်နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦး၊ ကျွဲတင်းကုပ်တွင် ချည်ထားသည့် ကျွဲမကြီးတစ်ကောင်နှင့် ကျွဲပေါက်စတစ်ကောင်တို့မှာ ဗုံးစများ ထိမှန်ခဲ့သည်။

“ဗုံးစ မှန်ခဲ့တဲ့ ကလေးနှစ်ယောက်ရော ကျွဲနှစ်ကောင်ပါ ဒဏ်ရာတွေက စိုးရိမ်ဖွယ်မရှိပါဘူး။ ဒီဗုံးသီးဟောင်းကို ဘယ်က ကောက်ရခဲ့တာလဲ။ ဘယ်အချိန်က ကောက်ရထားတာလဲဆိုတာတော့ နယ်မြေခံ ရဲတပ်ဖွဲ့က အသေးစိတ် မေးမြန်း မှုတွေ ဆောင်ရွက်နေတယ်။ ဒဏ်ရာရတဲ့ ကလေးနှစ်ယောက်ကို ခုတင်တစ်ထောင် ဆေးရုံတင်ထားတယ်”ဟု ရဲအရာရှိက ပြောသည်။

ဗုံးသီးဟောင်း ပေါက်ကွဲသည့်နေရာနှင့် ခုနစ်မိုင်ခန့်အကွာတွင် နိုင်ငံခေါင်းဆောင်များအချို့မှာ နေပြည်တော်ရှိ NCA စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပနေပြီး လုံခြုံရေး အထူးတင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။

S-03