News

POST TYPE

CRIME & ACCIDENT

ယာဉ်ပေါ်မေ့ကျန်ခဲ့သည့် လက်ဝတ်ရွှေထည်နှင့် ကျပ်သိန်း ၃၀ ကို အငှားယာဉ်မောင်းက ရဲစခန်းလာအပ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းတွင် အငှားယာဉ်ပေါ်မှ ဆင်းသွားသည့် ခရီးသည်အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မေ့ကျန်ခဲ့သော လက်ဝတ်ရွှေထည်နှင့် ငွေကျပ် သိန်း ၃၀ ပါရှိသည့် အိတ်တစ်လုံးကို အငှားယာဉ်မောင်း အမျိုးသားက အင်းစိန်မြို့မရဲစခန်းထံ လာရောက်အပ်နှံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရဲစခန်းထံ လာအပ်သည့် အငှားယာဉ်မောင်း ဦးစိုးမင်းထိုက်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြို့တွင်းအငှား ယာဉ်ပြေးဆွဲစဉ် ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းလမ်းအရောက် ရွှေဘုံသာလမ်းသို့ လိုက်လံပို့ဆောင်ခိုင်းသည့် ခရီးသည်အမျိုးသမီးတစ်ဦးက ယာဉ်ပေါ်တွင် အိတ်တစ်လုံးကို မေ့ကျန်ခဲ့သည်။

အဆိုပါ အိတ်ကို ၎င်းကဖွင့်ကြည့်ရာ ငွေကျပ်သိန်း ၃၀ နှင့် ရွှေလက်ကောက် ၁၀ ကွင်း၊ လက်စွပ်လေးကွင်းနှင့် ဆွဲကြိုးနှစ်ကုံး၊ စိန်လော့ကက်တစ်ခု၊ ရွှေလော့ကက်တစ်ခုနှင့် iPhone 6 Plus တစ်လုံးတို့ကို တွေ့ရှိခဲ့သောကြောင့် ယင်းနေ့ည ၁၁ နာရီတွင် အင်းစိန်မြို့မရဲစခန်းထံ သွားရောက်၍ ယင်းအိတ်ကို အပ်နှံခဲ့သည်။

အိတ်ကို ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံပေးစဉ် အဆိုပါပစ္စည်းပိုင်ရှင် အမျိုးသမီးမှာ အင်းစိန်မြို့မရဲစခန်းသို့ ရောက်ရှိလာသဖြင့် အငှားယာဉ်မောင်းဖြစ်သူ ဦးစိုးမင်းထိုက်က ပိုင်ရှင်အမျိုးသမီးထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03