News

POST TYPE

CRIME & ACCIDENT

လှိုင်သာယာစက်မှုဇုန်တွင် သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ် တစ်ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ
13-Feb-2018



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

လှိုင်သာယာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စက်မှုဇုန် (၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းဝင်းအတွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပြုပြင်နေသော Family Win ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ပေါက်ကွဲမှုဖြစ်ခဲ့သည့် ကုန်တင်သင်္ဘောမှာ အလျားပေ ၂၀၀၊ အနံပေ ၅၀ ခန့်ရှိ အမ်ဗွီ အမရာ-၇ ကုန်တင်သင်္ဘောဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းမှာ ယင်းကုန်တင်သင်္ဘော၏ အလျား ၁၈ ပေ၊ အနံ ပေ ၅၀ ၊ အမြင့် ၄ ပေခန့်ရှိ လေလုံနေသော တက်မခန်းကို လွန်ခဲ့သောနှစ်ရက်ခန့်က ဆေးသုတ်ထားရာ ယင်းဆေးသုတ်ရာ၌ ဆေးအခြောက်မြန်စေပြီး မီးလောင်ပေါက်ကွဲလွယ်သော တာပင်တိုင်ဒြပ်နှောများ စိမ့်ဝင်နေချိန် ဝရိန်ဆော်ရာကတစ်ဆင့် မီးပွားလွင့်စဉ်ထွက်ကျပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ပေါက်ကွဲသံက အတော်ကျယ်တယ်။ ပေါက်ကွဲမှုဖြစ်တဲ့အတွက် ဝရိန်ဆော်တဲ့သူကတော့ အပိုင်းပိုင်းပြတ်ပြီး သေဆုံးသွားတာ။ တခြားအလုပ်သမားတွေကတော့ ထိခိုက်ဒဏ်ရာပဲရတယ်။ ဒဏ်ရာရတဲ့သူတွေကို လှိုင်သာယာဆေးရုံနဲ့ အင်းစိန်ဆေးရုံနှစ်ခုမှာ ခွဲပြီးတင်ထားတယ်။ ဒဏ်ရာတဲ့သူတွေက သင်္ဘောပြုပြင်တဲ့ အလုပ်သမားတွေချည်းပဲ။ သင်္ဘောလည်း တော်တော်လေး ပျက်စီးသွားတယ်။ ပွင့်ထွက်သွားတာ”ဟု ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာကို သွားရောက်ကြည့်ခဲ့သူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ရှင်းပြသည်။ 

ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် ၂၁ နှစ် လွင်ကိုကိုမောင်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၁၆ နှစ်မှ ၄၅ နှစ်ကြားရှိ အမျိုးသား ၅ ဦးဖြစ်ပြီး မီးပူလောင်၊ ပွန်းပဲ့၊ ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်စေရန် ပေါ့ဆစွာပြုလုပ်သည်ဟု ဆိုသော အမျိုးသားကို လှိုင်သာယာမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၈၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။ 

J-16


  • VIA