News

POST TYPE

CRIME & ACCIDENT

လိင်စိတ်ကြွဆေး ရောင်းချသူကို ချစ်သူများနေ့မတိုင်မီ ဖမ်းဆီးရန် ညွန်ကြား
12-Feb-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တရားမဝင် လိင်စိတ်ကြွဆေးများ ရောင်းချသူများကို ချစ်သူများနေ့မတိုင်မီ ဖော်ထုတ်ဖမ်းဆီး အရေးယူသွားရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ညွန် ကြားထားကြောင်း အကြီးတန်းရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 

လိင်စိတ်ကြွဆေးများကို ချစ်သူများ နေ့မတိုင်မီ ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူသွားရန် ညွန်ကြားချက်ရရှိထား ရာ ဖေဖော်ဝါရီလ ၁၁ ရက် ည ၇ နာရီ ခွဲခန့်က ခရိုင်မှုခင်းနှိမ်နင်းရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကျောက်တံတားမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ၃၇ လမ်းနှင့်ပန်းဆိုးတန်းလမ်းကြား အနော်ရထာလမ်းမပေါ်ရှိ နံရံကပ်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ တရားမဝင် လိင်စိတ်ကြွသောက်ဆေးများ၊ လူးဆေးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“တရားမဝင် လိင်စိတ်ကြွဆေးတွေ ဖော်ထုတ်ဖမ်းဆီးသွားဖို့ ညွန်ကြားချက် ထုတ်ထားတယ်။ နောက်ရက်တွေလည်း ဆက်လက် ဖမ်းဆီးအရေးယူသွားမှာပါ။ ဒီမြို့နယ်မှာတော့ မနေ့က တစ်မှုပဲရှိသေးတယ်။ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ နဲ့ ဖွင်ထားတာပါ။ ဒီအမှုက အာမခံမရဘူး၊ အမြင့်ဆုံး ပြစ်ဒဏ်က ထောင်ဒဏ် ၇ နှစ်ထိ ချလို့ရတယ်။ ဒဏ်ငွေဆိုရင်တော့ ငါးသောင်းရှိတယ်။ ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်လို့ရတယ်”ဟု ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းလိင်စိတ်ကြွဆေးများနှင့် အတူ ဖမ်းမိသူမှာ ကျောက်တံတားမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ၃၃ လမ်းတွင်နေ ထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး ၎င်းရောင်းချသည့်ဆိုင်မှ MR BEAN , Sildenafil Cilrate, In tinct, Europen and American စာတန်းပါ လိင်စိတ်ကြွသောက်ဆေးများ၊ ဆေးအမျိုးအမည်မပါ လိင်စိတ်ကြွ သောက်ဆေးလုံးများ၊ Personal Lubicant, Love Kiss, Hot Kiss Crem စသည့်တံဆိပ်ပါ လူးဆေးဘူးများ၊ အမျိုးသမီး သန္ဓေတားဆေးများ၊ လိင်အင်္ဂါကြီးထွားစေရန် ပြုလုပ်သည့် လိမ်းဆေးဘူးနှင့် ဆက်စပ်ပစ္စည်းများစသည့် အမျိုးအစား ၁၅ မျိုးကို ရှာဖွေတွေ့ရှိသဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16