News

POST TYPE

CRIME & ACCIDENT

ဖေဖော်ဝါရီ ၁၄ ရက်အတွက် ရန်ကုန်ဟိုတယ်၊ တည်းခိုခန်းများ အခန်းပြည့်
12-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်မြို့တော်တွင် ဖေဖော်ဝါရီ လ ၁၄ ရက် ချစ်သူများနေ့အတွက် ကြိုတင်အခန်းငှားရမ်းမှု များပြားလျက်ရှိပြီး တည်းခိုရန် ဈေးနှုန်းများ ပုံမှန်ထက် မြင့် တက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဟိုတယ်၊ တည်းခိုခန်းများထံမှ စုံစမ်းသိရှိရသည်။

ချစ်သူများနေ့တွင် တစ်နေ့တာ တည်းခိုနေထိုင်ရန် အခန်းကြိုတင်ငှားရမ်း မှု များပြားလာသည့်အတွက် ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာများ၏ အခန်းငှားရမ်းခ ဈေးနှုန်းများမှာ ယခင်ကထက် ကျပ်သုံးထောင်မှ တစ်သောင်းဝန်းကျင်အထိ မြင့်တက်လျက်ရှိကြောင်း အခန်းငှားရမ်းသူများထံမှ သိရသည်။

“ချစ်သူများနေ့ဆို အခန်းကြိုတင် ငှားရမ်းသူတွေနဲ့ ပြည့်တယ်။ ဒီနှစ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်နေ့တာအတွက် အခန်းကြိုယူတာတွေ ရှိနေတော့ အခန်း ပြည့်တော့မယ်။ မနက်ဖြန် နောက်ဆုံးထား ဘိုကင်ယူရပါမယ်”ဟု သန်လျင်မြို့နယ်ရှိ မိုတယ်တစ်ခုမှ မန်နေဂျာကဆိုသည်။

ချစ်သူများနေ့တွင် နှစ်စဉ်မြို့တွင်း မြို့နယ်နှင့် ဆင်ခြေဖုံးမြို့နယ်များ သာမက မြို့ပြင်မြို့နယ်များရှိ ဟိုတယ်၊ မိုတယ်နှင့် အအေးခန်း ဧည့်ရိပ်သာများမှာ တည်းခိုသူ များပြားသောကြောင့် အခန်းများ ပြည့်နှက်နေလျက်ရှိပြီး အဆိုပါနေ့တွင် အခန်းများကို ၃ နာရီ တစ်ဆက်ရှင် အချိန်ပိုင်းဖြင့်သာ ငှားရမ်းလျက်ရှိကြောင်း ယင်းဟိုတယ်၊ မိုတယ်များထံမှ သိရသည်။

“အဲဒီလိုရက်မျိုးတွေက နှစ်စဉ် လူများနေကျပါ။ ဒီနှစ် ချစ်သူများနေ့က ကြားရက်ဖြစ်တယ်။ ဘိုကင်တော့ ကြိုမပေးဘူး။ ချစ်သူများနေ့မှာ အရင်ရောက်တဲ့သူကို အခန်းငှားတယ်။ ဒေး သို့မဟုတ် အချိန်ပိုင်း ငှားတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ မန်နေဂျာက ဆိုသည်။

ချစ်သူများနေ့အတွက် ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းခ ဈေးနှုန်းများမှာ အချိန်ပိုင်း တစ်နေ့တာအတွက် ကျပ် နှစ်သောင်းမှ ကျပ်လေးသောင်းအထိနှင့် မိုတယ်ဈေးနှုန်းများမှာလည်း ကျပ်တစ်သောင်းမှ နှစ်သောင်းခွဲအထိ ဈေးနှုန်းရှိနေပြီး အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်း အခန်းခ ဈေးနှုန်းများမှ ကျပ်ရှစ်ထောင်မှ တစ်သောင်းခွဲအထိ ဈေးနှုန်းရှိကြောင်း ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာနှင့်တည်း ခိုခန်းများထံမှ စုံစမ်းသိရသည်။

“လူငယ်စုံတွဲတွေက ချစ်သူများနေ့ဆို ဟိုတယ်၊ တည်းခိုခန်းကို အများဆုံး လိုက်ပို့ခိုင်းတယ်။ ဟိုတယ်၊ တည်းခိုခန်းနေရာတွေက အဲဒီနေ့ဆို အခန်းကို အချိန်ပိုင်းနဲ့ ငှားကြတာ များတယ်။ လူငယ်စုံတွဲတွေ လမ်းမှားမရောက်ဖို့ မိဘတွေအနေနဲ့ ထိန်းသိမ်းသင့်တယ်”ဟု သာကေတမြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူ ကိုသန်းနိုင်က ဆိုသည်။

ချစ်သူများနေ့တွင် လူငယ်စုံတွဲများ၊ သက်လတ်ပိုင်း စုံတွဲများမှာ ရန်ကုန်မြို့ရှိ ဟိုတယ်၊ တည်းခိုခန်းများသို့ တစ်နေ့တာ သွားရောက်တည်းခိုနေသူများ ရှိသကဲ့သို့ ဘုရားစေတီများ၊ ရှော့ပင်းစင်တာများ၊ ပန်းခြံများ၊ ကစားကွင်းများကို လည်ပတ်သည့် ချစ်သူစုံတွဲများလည်း ရှိနေကြောင်း ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက် (Valentine Day) အပါအဝင် အခြားရက်များတွင် သမီးရည်းစား စုံတွဲများနှင့် ခရီးသွားဧည့်သည်များကို ဟိုတယ်များအနေဖြင့် အချိန်ပိုင်း တည်းခိုခွင့်ပေးခဲ့ပါက မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းတွင် သမီးရည်းစား စုံတွဲများကို ဟိုတယ်၊ မိုတယ်နှင့်တည်းခို ခန်းများအနေနှင့် အချိန်ပိုင်း တည်းခိုခွင့်ပေးခြင်းများကို ရှောင်တခင် စစ်ဆေးအရေးယူရန် ယခုလက်ရှိ ညွှန်ကြားစာ မရောက်ရှိသေးကြောင်း ရန်ကုန်တိုင်းရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအချို့ထံမှ သိရသည်။

J-10