News

POST TYPE

CRIME & ACCIDENT

ဆိုင်ကယ်ရှေ့ လမ်းပိတ်ကာ လက်ကိုင်ဖုန်းနှင့် ကားသော့ လုယူသည့်အဖွဲ့ကို ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်းရှိ ငါးမန်းတံတားအနီးတွင် ဖေဖော်ဝါရီလ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်က လူသုံးဦးစီးလာသည့် မော်တော်ဆိုင်ကယ်တစ်စီးရှေ့ လမ်းပိတ်ရပ်ကာ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ကားသော့တစ်ချောင်း လုယူသွားသည့်အဖွဲ့ကို နှစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်ခံရသည့် အမျိုးသားသုံးဦးမှာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး အခင်းဖြစ်ညက တပင်ရွှေထီးလမ်းအတိုင်း (၁) ထိပ် မှတ်တိုင်ဘက်သို့ ဆိုင်ကယ်မောင်းလာစဉ် ငါးမန်းတံတားအနီးတွင် အမျိုးသားလေးဦးက လမ်းပေါ်ပိတ်ရပ်ကာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားများထံမှ Samsung နှင့် Huawei လက်ကိုင်ဖုန်း၊ အေဒီဗင်ကားသော့တို့ကို လုယူသွားခဲ့ကြောင်း ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၂ နာရီခွဲတွင် အမျိုးသားလေးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင်လာပြီး လုယူသွားသည့် ပစ္စည်းများကို ပိုင်ရှင်အမျိုးသားများထံ ပြန်အပ်နှံပေးခဲ့ကြောင်း၊ ဖမ်းမိသူများမှာ ယခင်လုယက်မှု၊ ခိုးမှုတို့ဖြင့် ပြစ်ဒဏ်ကျပြီးသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးမှာ လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်တွင် နေထိုင်သူများဖြစ်သော အသက် ၂၃ နှစ် ကျော်ဇင်လင်း (ခ) ကုလား၊ အသက် ၂၀ နှစ် ဝေလင်း၊ အသက် ၂၅ နှစ် ပေါက်ဖော်၊ အသက် ၂၄ နှစ် သက်နိုင်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို လှိုင်သာယာ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ယခင်ကျူးလွန်ထားသည့် ပြစ်မှုများ ရှိ၊ မရှိ ဆက်လက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03