News

POST TYPE

CRIME & ACCIDENT

ကျပ်သိန်း ၈၇၀၀ ကျော်တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ်များ လိမ်လည်ရယူသူ သုံးဦးကို အမှုဖွင့်
12-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

GBS ကုမ္ပဏီမှ ကျပ်သိန်း ၈၇၀၀ ကျော် တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ်များကို လိမ်လည်ရယူခဲ့သည့် အမျိုးသားသုံးဦးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းတွင် လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်ခံရသူ ဦးဇော်မင်းအောင်၊ ဦးမြင့်ဆွေနှင့် ကိုမျိုးစည်သူမောင် (ခ) စည်သူမောင်တို့ သုံးဦးမှာ GBS ကုမ္ပဏီမှ ဓာတ်မြေဩဇာအိတ်များကို ဝယ်ယူလိုပြီး ရက် ၄၀ အတွင်း ငွေပြန်ပေးသွင်းမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုကာ နှစ်ဦးနှစ်ဖက် နှုတ်ဖြင့် သဘောတူညီခဲ့ပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ရွှေသံလွင်စက်မှုဇုန်ရှိ ဂိုဒေါင်မှ တစ်အိတ်လျှင် ကျပ် ၂၂,၆၀၀ တန်ဖိုးရှိ ဓာတ်မြေဩဇာအိတ် စုစုပေါင်း ၃၈,၇၀၀ အိတ်ကို ထုတ်ယူခဲ့သည်။

ယင်းနောက် ကုမ္ပဏီမှရောင်းချထားသည့် ဓာတ်မြေဩဇာဖိုးငွေများကို ဦးဇော်မင်းအောင်ထံ တောင်းခံသည့်အခါ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျပ်သိန်း ၂၅၀၀ (သို့မဟုတ်) ၃၀၀၀ ကို လာရောက်ပေးသွင်းပြီး စာချုပ်စာတမ်းများလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ကာ ပြောဆိုခဲ့ပြီးနောက် ငွေလာရောက် ပေးသွင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ကုမ္ပဏီဘက်က စုံစမ်းထားချက်အရဆို အမှုဖွင့်ခံရသူတွေက ဓာတ်မြေဩဇာအိတ်တွေကို ဧရာဝတီတိုင်းဘက်မှာ ရောင်းချပြီးပြီ။ ဝယ်လက်တွေက ဦးဇော်မင်းအောင်ထံ ငွေပေးချေထားတယ်။ အချို့ဝယ်လက်က ဦးဇော်မင်းအောင်ရဲ့ မန်နေဂျာဖြစ်သူ စည်သူမောင်ရဲ့ ဘဏ်အကောင့်ထဲ ငွေလွှဲပေးခဲ့တယ်လို့ သိရတယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ကျပ် သိန်း ၈၇၀၀ ကျော်ရှိ ဓာတ်မြေဩဇာအိတ်များ လိမ်လည်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူ သုံးဦးကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

S-03

  • VIA