News

POST TYPE

CRIME & ACCIDENT

ရွှေဘိုမြို့ပေါ်တွင် နေအိမ်အနုကြမ်းစီးခံရ၊ သုံးဦးဒဏ်ရာရ
13-Dec-2017
ရွှေဘို၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်၊ ပျဉ်ဈေးတောင်ပိုင်း၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်းက အနုကြမ်းစီးမှုဖြစ်ခဲ့ရာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အိမ်ရှင်ဖြစ်သူ ဦးသာမွှေးနှင့် ဇနီး ဒေါ်တင်မာနွယ်မှာ အိမ်အောက်ထပ်တွင် အိပ်ပျော်နေစဉ် အဘွားနှင့် သမီးနှစ်ဦး၏ အော်သံကြောင့် အိမ်ပေါ်တက်သွားကြောင်း လှေကားအဆင်းတွင် အမည်မသိ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံရာ ဒေါ်တင်မာနွယ်၏ လည်ပင်းကို ဓားဖြင့်ထောက်ပြီး “တက်မလာ နှင့်”ဟုဆို၍ ဦးသာမွှေးမှာ တရားခံကို လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ယင်းနောက် အိမ်အောက်ထပ်သို့ ရောက်ရှိလာပြီး လုံးထွေးသတ်ပုတ်ရာ ကျူးလွန်သူက ဓားဖြင့်ထိုး၍ ဦးသာမွှေး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဓားဖြင့်ထောက်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေတောင်းပြီး သမီးဖြစ်သူ လည်ပင်း၌ ဝတ်ထားသည့် တစ်ကျပ်သားခန့် ဆွဲကြိုးကို ချွတ်ယူသွားကြောင်း၊ သို့ရာတွင် ထိုယူသွားသည်များ အိမ်ရှေ့မြောင်းတွင် ပြုတ်ကျနေခဲ့ကြောင်း၊ ယင်းသို့ ဒဏ်ရာများရရှိအောင် ပြုလုပ်သွားသည့်အတွက် ၎င်းကို အမှုကြီးအမှတ်စဉ် ၁၂/၂၀၁၇ (ပ)၇၀၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၉ ဖြင့် ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်ထားကာ ကျူးလွန်သူကို အမြန်ဖမ်းမိစေရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်တွင် တရားလို ဦးသာမွှေး အသက် ၄၃နှစ်တွင် လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ဝဲဘက်လက်ဖျံ ထိုးသွင်းဒဏ်ရာနှင့် ဒေါ်တင်မာနွယ် အသက် ၄၁ နှစ်တွင် ဝဲဘက် လက်ဖျံ၊ ဦးခေါင်းနောက်စေ့ ဝဲဘက်ခြမ်း ပြတ်ရှဒဏ်ရာအပြင် မစုပြည့်ချမ်းသာ အသက် ၁၆ နှစ်တွင် ယာဘက်လည်ပင်း ပြတ်ရှဒဏ်ရာများ ရရှိခဲ့၍ ရွှေဘို ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း မြို့နယ်တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

“သူတို့သားအဖ သုံးယောက်လုံး ဒဏ်ရာရတယ်။ အခု ဆေးရုံတင်ထားတယ်။ အနုကြမ်းစီးတဲ့လူက အိမ်ထဲကထွက်ပြေးတော့ မြောင်းထဲကို ဆွဲကြိုးကျ နေခဲ့တယ်။ အခင်းဖြစ်တဲ့နေရာ သုံးတဲ့ဓားလည်း မြောင်းထဲ ညတွင်းချင်း(ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်) ထိုးဆယ်ရခဲ့တယ်” ဟု ရပ်ကွက် အိမ်နီးချင်းတစ်ဦးက ပြောဆိုသည်။

R-09


  • VIA