News

POST TYPE

CRIME & ACCIDENT

ဆင်တစ်ကောင် တောင်ကျချောင်းရေထဲ မျောပါ
03-Sep-2016

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အင်းပတ်လည်ကျေးရွာအနီး အိုင်တုံချောင်းအတွင်း စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းက အသက် ငါးနှစ်ခန့်အရွယ် ဆင်တစ်ကောင် တောင်ကျချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ကြောင်း ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

"နေ့လယ် ၁၂ နာရီလောက်မှာ သတင်းရလို့ ဆင်သေကို သွားစစ်ဆေးချိန်မှာ ပုပ်ပွသေဆုံးနေပါပြီ။ ဒီနေ့(စက်တင်ဘာ ၃ ရက်) ညနေလောက်မှာ မြေမြုပ်သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေပါတယ်"ဟု ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက ပြောကြားသည်။

ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၈၈ အနီး အင်းပတ်လည်ကျေးရွာ အိုင်တုံချောင်းအတွင်း တောင်ကျချောင်းရေဖြင့် မျောပါသေဆုံးခဲ့သည့်ဆင်မှာ အထီးဖြစ်ပြီး အမြင့် ၅ ပေ ၊ ကျောကုန်း အလျား ၅ ပေ ၂ လက်မ၊ လုံးပတ် ၅ ပေ ၆ လက်မခန့်ရှိပြီး အသက် ငါးနှစ်ခန့်ဟု ခန့်မှန်းထားပြီး ဒဏ်ရာ မရှိဘဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အနီး သစ်တောကြိုးဝိုင်းများတွင် တောဆင်ရိုင်း အချို့ကျက်စားလျက်ရှိပြီး တရားမဝင် ဆင်ပစ်မုဆိုးများကြောင့် သေဆုံးမှုများရှိသကဲ့သို့အခြားသဘာဝ ဘေးအန္တရာယ်များကြောင့်လည်း သေဆုံးမှုများရှိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Save and Elephant မှ တောင်ငူခရိုင် တာဝန်ဝန်ရှိသူတစ်ဦးက ဆိုသည်။

"မနေ့ ကသေဆုံးတဲ့ ဆင်က တောဆင်ရိုင်းမဟုက်ဘူးလို့ သိရတယ်။ နောက်ပြီး ဒဏ်ရာအနာရတစ်ရ မရှိဘူး ဆိုတာနဲ့ပတ်သက်လို့ လည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၂၉ ရက် ညနေပိုင်းကလည်း ကျောက်တံခါးမြို့ မြို့ချောင်းကျေးရွာ ရဲနွယ်ရေထိန်းတံခါး ဆည်ရေအတွင်း မြှားဒဏ်ရာဖြင့် သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်ကို တွေ့ ရှိခဲ့ရသေးသည်။

ဓာတ်ပုံ - KSY

  • VIA