News

POST TYPE

CRIME & ACCIDENT

ပြည်ထောင်စုလမ်းမကြီးဘေးရှိ ညောင်ပင်ဝင်တိုက်၍ အိမ်စီးယာဉ်မောင်း အမျိုးသား သေဆုံး
01-Dec-2017


ကျိုင်းတုံ၊ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျိုင်းဖောင်းရွာထိပ်တွင် နိုဝင်​ဘာလ ၃၀ ရက်နေ့ ည ၉ နာရီခန့်က အိမ်စီးယာဉ်တစ်စီး ညောင်ပင်ကို ဝင်တိုက်မိ၍ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့ရက်က တောင်ကြီးဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ အသက် ၃၅ နှစ်အရွယ် ဦးစိုင်းထွန်းနေ မောင်းနှင်လာသည့် WISH အမျိုးအစား အိမ်စီးယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် အရှိန်လွန်ကာ လမ်းဘေးရှိ ညောင်ပင်ကို ဝင်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ယင်းရုံးမှ အမှုစစ်အရာရှိ ဒုရဲအုပ် မြတ်ကျော်သူက ပြောကြားသည်။

“လမ်းအကွေ့ ပြေပြေလေးဘေးမှာရှိတဲ့ ဒီညောင်ပင်ကို ဆိုင်ကယ်တွေ၊ ကားတွေ ခဏတိုင်း တိုက်ပြီး သေဆုံးမှုတွေဖြစ်နေလို့ ညောင်ပင်ကြီးမှာ ရောင်ပြန်တွေ ကပ်ပေးထားတယ်။ကားရှေ့ခြမ်းတစ်ခုလုံး ကြေမွသွားပြီး လေအိတ်ပါ ကွဲသွားလို့ အလောင်းကို မနဲဆွဲထုတ်ခဲ့ရတယ်”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် သေဆုံးသူ ယာဉ်မောင်း ဦးစိုင်းထွန်းနေကို ယာဉ်(ပ)၃၉/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄-က အရ အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16