News

POST TYPE

CRIME & ACCIDENT

ငါးဟင်းလုစားရာက လူသတ်မှု ကျူးလွန်သူကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ
30-Nov-2017 tagged as လူသတ်မှု ငါး

ရန်ကုန်၊ နိုဝင်ဘာ ၃၀
 
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ မဟာဗန္ဓုလ အိမ်ရာဝင်းတွင် ငါးဟင်းလုစားရင်း စကားများ ရန်ဖြစ်ရာက လူသတ်မှု ကျူးလွန်သူကို နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့်ချခဲ့သည်။

ထောင်ဒဏ် အမိန့်ချမှတ်ခံရသူ အသက် ၂၆ နှစ်အရွယ် ကိုမင်း (ခ) မင်းလွင်ဦးသည် ၂၀၁၆ ခုနှစ်၊ မေလ ၂၈ ရက် ည ၈ နာရီခန့်က အလုပ်အတူတူ လုပ်နေသည့် ကိုမျိုး၊ ကိုဇော်မိုးနိုင်တို့ နှင့်အတူ ထမင်းစားနေစဉ် ငါးဟင်းလုစား ရာက စကားများရန်ဖြစ်ပြီး ဓားနှင့်ထိုးရာ ကိုမျိုးတွင် ဘယ်ပခုံး၊ ဘယ်လက်ဖျံတို့တွင် ထိုးသွင်းဒဏ်ရာများ၊ ကိုဇော်မိုးနိုင်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ ဆေးရုံသို့ တင်ပို့စဉ် ဇော်မိုးနိုင်မှာ သေဆုံးသွားကြောင်း သိရသည်။ 

“ပန်းရန်လုပ်သူ အချင်းချင်းဖြစ် တာ၊ ဒဏ်ရာရတာက နှစ်ဦး၊ တစ်ဦးက သေသွားတယ်၊ အဲဒါကြောင့် လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ နှစ်ခုနဲ့ တရားစွဲခဲ့တာ၊ စစ်ဆေးချိန် တစ်နှစ် ကျော်ကျော်လောက်ကြာပြီး ပြစ်မှုထင်ရှားတဲ့အတွက် သီးခြားစီ အမိန့်ချခဲ့တာ၊ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့် ပြုထားပါတယ်”ဟု အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ 

ယင်းလူသတ်မှုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက (ပ) ၇၈၈/ ၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် တရားစွဲဆို တင်ပို့ခဲ့ပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး(၆)က လက်ခံစစ်ဆေးကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး ယင်းပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

J-16