News

POST TYPE

CRIME & ACCIDENT

၁၄ နှစ် မိန်းကလေးကို မဖွယ်မရာလုပ်သူ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
30-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၂၉ 

နေအိမ်ပေါ်မှ စိတ်ဆိုးဆင်းလာသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား မဖွယ်မရာပြုလုပ်သူ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အရှေ့ပိုင်းခရိုင် တရားရုံးက နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချမှတ်ခဲ့သည်။

ဒဂုံမြို့နယ်၊ ဦးဝိစာရ ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၉ ရက် ညပိုင်း မိခင်ဖြစ်သူက လက်ကိုင်ဖုန်း သိမ်းယူသည့်ကိစ္စနှင့် ပတ်သက်၍ စိတ်ဆိုးကာ နေအိမ်ပေါ်မှ ဆင်းသွားပြီး ၎င်း၏ ရည်းစားဆိုသူနှင့် သွားရောက်တွေ့ဆုံစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ၎င်း၏နေအိမ်အောက်ထပ်တွင် နေထိုင်နိုင်ကြောင်း ပြောဆိုခေါ်ဆောင်ကာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

“နေအိမ်ပေါ်က ဆင်းသွားပြီးတော့ သူ့ရည်းစားနဲ့ သွားတွေ့တယ်၊ တွေ့နေတဲ့အချိန်မှာ သူ့ရည်းစားက သူ့သူငယ်ချင်းနဲ့ တိုင်ပင်နေတုန်း အခု ထောင်ချခံရသူက ရောက်လာပြီး၊ မင်းတို့ ဘာဖြစ်နေတာလဲ”လို့ မေးတာနဲ့ပြောပြလိုက်တာ၊ သူ့အိမ်အောက်ထပ်မှာ နေလို့ရတယ်ဆိုပြီး ခေါ်သွားတယ်၊ ပြီးတော့ ယောက်ျားလေးကိုတော့ မနေခိုင်းဘူး၊ ကောင်မလေး တစ်ယောက်တည်း ကျန်နေတဲ့အချိန်မှာ မဖွယ်မရာ ပြုလုပ်ခဲ့တာ”ဟု အရှေ့ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဖွယ်မရာ ပြုလုပ်သည်ဟုဆိုသော အသက် ၄၈ နှစ်အရွယ် အလီ (ခ) ကျော်ဝင်းကို သုဝဏ္ဏနယ်မြေရဲစခန်းက တရားစွဲဆို တင်ပို့ခဲ့ရာ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီးက စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ / ၅၁၁ အရ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

J-16

  • VIA