News

POST TYPE

CRIME & ACCIDENT

ငွေတုထုတ်စက်နှင့် ကုန်ကြမ်းပစ္စည်းများ ထိုင်းနယ်စပ်အနီးတွင် ဖမ်းမိ
27-Nov-2017 tagged as ငွေစက္ကူအတု

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ငွေစက္ကူအတုပျံ့နှံ့မှုကို စစ်ဆေးရန် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ထံမှ လုပ်ငန်း လွှဲပြောင်းရယူခဲ့သည့် မှုခင်းရဲတပ်ဖွဲ့ (CID) အနေနှင့် နှစ်လအတွင်း ထိုင်းနယ်စပ်အနီးတွင် ငွေတု ထုတ်စက်နှင့် ကုန်ကြမ်း ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။   

နယ်စပ်ဒေသများတွင် ငွေစက္ကူ အတု ထုတ်လုပ်ဖြန့်ချိနေသည်ဟု ယူဆပြီး နှစ်လကျော် စုံစမ်းထောက်လှမ်းခဲ့ရာမှ မြဝတီမြို့တွင် ငွေအတုထုတ်စက်ဟုယူဆသော စက်တစ်လုံးနှင့် ငွေအတုပြုလုပ်မည့် ကုန်ကြမ်းစက္ကူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက မြဝတီမြို့ ၅ ရပ်ကွက် နေအိမ်တစ်ခုတွင် အမျိုးသား သုံးဦးကို ငွေစက္ကူ အတုထုတ်မည့် စက်တစ်လုံးနှင့် ငွေစက္ကူပြုလုပ်ရန် ဖြတ်တောက်ထားသော စက္ကူကုန်ကြမ်း ပစ္စည်းရွက်ရေ ၂၀ဝ ကျော်ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ငွေစက္ကူ အတုပြုလုပ်မှု ပုဒ်မ ၄၈၉ (က) အပါအဝင် ပုဒ်မ ၄၈၉ (ခ)တို့အပြင် တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း မှုခင်းရဲတပ်ဖွဲ့ (CID) ထံမှ သိရသည်။

“နေအိမ်ရဲ့ ဂိုဒေါင်ထဲက ရှာဖွေတွေ့ရှိတာပါ။ အဖွဲ့က အမျိုးသား သုံးယောက်ပါ။ ဘယ်လို ကွင်းဆက်တွေနဲ့ ဖြန့်ဖြူးလဲဆိုတာ အသေးစိတ် စစ်ဆေးနေတုန်းပဲ”ဟု မှုခင်းရဲတပ်ဖွဲ့ အကြီးတန်း ရဲအရာရှိက ဆိုသည်။

ငွေကြေးဆိုင်ရာ အတုပြုလုပ်မှုသည် ငွေကြေးခဝါချမှု ဥပဒေဖြင့် ငြိစွန်းသည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု အစိုးရက သတ်မှတ်ထားပြီဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းသိန်းက ပြောကြားသည်။

“ငွေစက္ကူအတု ပျံနှံ့မှုရဲ့ ရင်းမြစ်တွေ ဖော်ထုတ်ဖို့ အစိုးရကိုယ်တိုင်လည်း ပြည်ထဲရေးနဲ့ ပူးပေါင်းပြီးတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ်။ CID ရဲတပ်ဖွဲ့ ပြောင်းကိုင်တော့ ပိုခရီးရောက်တာပေါ့”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် ပြည်တွင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လလယ်အထိ ငွေကြေး အတုအပပြု လုပ်မှုနှင့် ဆက်စပ်သည့် အမှုပေါင်း ၁၅ မှုသာရှိခဲ့ပြီး ဇွန်လလယ်မှ နိုဝင်ဘာလ ၂၄ ရက်အတွင်း ၂၀ မှုခန့် ဖမ်းမိခဲ့ပြီး အများစုသည် ငွေအတု ကိုင်တွယ် သုံးစွဲမှုကြောင့် ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ကျခံကြရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-17