News

POST TYPE

CRIME & ACCIDENT

သရုပ်ဆောင် မိုးအောင်ရင်ကို မူးယစ်အမှုဖြင့် ဖမ်းဆီး
29-Aug-2016

(မိုးအောင်ရင်၏ သူငယ်ချင်းနှစ်ဦးကို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်) ( ဓာတ်ပုံ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့)

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို ယနေ့(သြဂုတ် ၂၉ ရက်) နံနက် ၄ နာရီက ပုဇွန်တောင်မြို့နယ် (၂) ရပ်ကွက် နေကြာ/သာယာကုန်းလမ်းရှိ ခြောက်လွှာတိုက်ခန်းတစ်ခုတွင် မူးယစ် ဆေးဝါးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“တာမွေက မိုးအောင်ရင် နေအိမ်ထဲမှာ မူးယစ်ဆေးဝါးနဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကို အရင် ဖမ်းမိခဲ့တယ်၊ စစ်ဆေးရာက မိုးအောင်ရင်က ပုဇွန်တောင်မှာနေတဲ့ မိန်းကလေး သူူငယ်ချင်းအိမ် အလည်သွားတယ် သိရလို့ လိုက်ဖမ်းရာက မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိခဲ့တာ ” ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသော သရုပ်ဆောင် မိုးအောင်ရင် နေထိုင်သည့် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ မင်းရဲကျော်စွာ အိမ်ရာမှ နေအိမ်တိုက်ခန်းကို ယနေ့ နံနက် ၃ နာရီက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးခဲ့ရာတွင်  မိုးအောင်ရင်သည် နေအိမ်အတွင်း မရှိဘဲ ၎င်း၏ သူငယ်ချင်းများဖြစ်သော အသက် ၃၈ နှစ် အရွယ် လူလူသန်းဦးနှင့် အသက် ၂၈ နှစ်အရွယ် ဘုန်းမြင့်အောင်(ခ) ဒေးဗစ်တို့ကို တွေ့ရှိခဲ့ပြီး စစ်ဆေးရာမှ မိုးအောင်ရင်၏ အိပ်ခန်းကုတင်အောက်တွင် အလေးချိန် ဂရမ် ၄၀ ကျော်ရှိ ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ပုဇွန်တောင်က တိုက်ခန်းတစ်ခုဆီ အလည်သွားနေတဲ့ မိုးအောင်ရင်ကို လိုက်လံ ရှာဖွေပြီး စစ်ဆေးခဲ့ရာက သူ့လွယ်ထားတဲ့ လယ်သာအိတ်ထဲက ICE လို့ ယူဆရတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တယ်၊ အမှုကွင်းဆက်တွေ ဖော်ထုတ်နိုင်ဖို့ ဆက်လက် စစ်ဆေးနေဆဲပါ ” ဟု ၎င်းက ဆိုသည်။

မိုးအောင်ရင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ၎င်း၏ ဖခင် တေးသံရှင် ဦးအောင်ရင်က "ဖခင်ဖြစ်သူ၏ ဆုံးမသွန်သင်မှု ညံ့ဖျင်းခဲ့သောကြောင့် သားဖြစ်သူနှင့် သား၏ သူငယ်ချင်းများ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် အဖမ်းခံရပြီး မိဘတိုင်း ဒီလိုသောကမျိုးတွေ ကင်းဝေကြပါစေ"ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။


  • VIA