News

POST TYPE

CRIME & ACCIDENT

ပြည်မြို့၌ အမျိုးသမီး တစ်ဦး အသတ်ခံရမှု ခင်ပွန်းဖြစ်သူ လာရောက် အဖမ်းခံ
28-Aug-2016
တောင်ငူ၊ သြဂုတ်၂၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် နိဗ္ဗိန္ဒကျောင်းလမ်းရှိ စက်သုံးဆီ အရောင်းဆိုင်အနီး သြဂုတ်၂၆ ရက် ညက အမျိုးသမီး တစ်ဦး အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

သေသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူကို ပြစ်မှု ကျုးလွန်သည်ဟု သံသယ ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက သွားလာတတ်သော နေရာများအပြင် ဆွေမျိုးသားချင်းများ၏ နေအိမ်များကို ပိတ်ဆို့ စုံစမ်း ရှာဖွေခဲ့ရာမှ တရားခံမှာ ထွက်ပေါက် မရှိတော့ခြင်းကြောင့် ပြည်မြို့ မြို့မရဲစခန်းသို့ သြဂုတ် ၂၇ ရက် ည ၈ နာရီခွဲက ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်ဟု အဆိုပါစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တရားခံက ကိုယ်တိုင် လာရောက် အဖမ်းခံပြီး ထွက်ဆိုချက် ပေးထားပါပြီ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သေဆုံးသူ အသက်၂၇ နှစ်အရွယ် ဒေါ်ကေကေ (ခ) အေလာဝင်းဆိုသူသည် ပြည်မြို့ ခေတ္တရာမြို့သစ် အောင်သီရိ ရပ်ကွက်တွင် ခင်ပွန်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဦမျိုးညွန့်(ခ) ဖိုးသာထူးနှင့်အတူ နေထိုင်ခဲ့ကြပြီး အခင်း ဖြစ်ပွားသည့်နေ့ ညနေ ၃ နာရီခွဲခန့်က ခင်ပွန်းနှင့် စကားများ ရန်ဖြစ်ပြီး ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ ညီမဖြစ်သူ၏ နေအိမ်သို့ပြန်သွားခဲ့ကြောင်း၊ ည ၆ နာရီခန့်တွင် ခင်ပွန်းသည်က ဆိုင်ကယ်နှင့် လာခေါ်သည်ကို လိုက်ပါ သွားခဲ့ရာမှ ည ၈ နာရီခန့်တွင် နဝဒေးရပ်ကွက် နိဗ္ဗိန္ဒကျောင်းလမ်းပေါ်တွင် ခင်ပွန်းဖြစ်သူက ဓားဖြင့် ထိုးခုတ်ခဲ့သည့်အတွက် ပြည်မြို့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ပြည်မြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဦးမျိုးညွှန့် (ခ) ဖိုးသာထူးကို ပြည်မြို့မရဲစခန်းမှ (ပ)၁၆၄ /၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထား အရေးယူထားကြောင်း အဆိုပါ ရဲစခန်းမှ စုံစမ်း သိရှိရသည်။

ဆက်စပ်သတင်းဖတ်ရန်


  • VIA