News

POST TYPE

CRIME & ACCIDENT

ပြည်သူ့ရင်ပြင်ရှိ စုံတွဲများထံ မိုက်ကြေးခွဲ ဆက်ကြေး တောင်းသည့် အဖွဲ့မှ တစ်ဦး ဖမ်းမိ
27-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၇

ပြည်သူ့ရင်ပြင်အတွင်း လာရောက် လည်ပတ်သည့် ချစ်သူ စုံတွဲများကို မိုက်ကြေးခွဲ ဆက်ကြေး တောင်းယူနေသော လူငယ်အဖွဲ့မှ အသက် ၂ဝ အရွယ် အမျိုးသား တစ်ဦးကို သြဂုတ်လ ၂၆ ရက် နံနက် ၁ဝ နာရီခွဲက ဖမ်းမိခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ ဖမ်းမိသူမှာ ဆိပ်ကြီးခနောင်တို မြို့နယ်တွင် နေထိုင်သော စောထူးအောင် ဖြစ်ပြီး ယင်းနေ့က ၎င်းတို့အဖွဲ့မှ ပြည်သူ့ရင်ပြင်ထဲရှိ LOVE ကျောက်တုံး အနောက်ဘက်တွင် ချိန်းတွေ့နေသော ချစ်သူစုံတွဲများထံ မိုက်ကြေးခွဲ ဆက်ကြေး တောင်းယူနေစဉ် ရင်ပြင်ထဲရှိ လုံခြုံရေး ဝန်ထမ်းများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင့်ဆွေက ပြောကြားသည်။

“စုံတွဲတွေကို မိုက်ကြေးခွဲ ဆက်ကြေး တောင်းနေတဲ့ လူငယ်အဖွဲ့က ငါး ယောက်လို့ သိရပြီး အခု ဖမ်းမိသူက ပုလင်းကွဲနဲ့ ပြန်ထိုးလို့ လိုက်ဖမ်းဆီးတဲ့ ရင်ပြင် လုံခြုံရေးဝန်ထမ်း တစ်ဦး ဒဏ်ရာရသွားတယ်။ သူတို့အဖွဲ့ကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ဖမ်းမိထားသူကို ဆက်လက် စစ်ဆေးနေတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းဖမ်းမိသူမှာ ပြည်သူ့ဥယျာဉ် ပြည်လမ်း ဝင်ပေါက်မှ ထွက်ပြေးပြီး လမ်း တစ်ဖက်ရှိ လွှတ်တော်ဝင်း ခြံစည်းရိုးကို ကျော်တက်နေစဉ် လုံခြုံရေးအဖွဲ့က ၎င်းကို ဖမ်းမိခဲ့ကြောင်း၊ ရင်ပြင်အတွင်းရှိ စုံတွဲများထံ မိုက်ကြေးခွဲ ဆက်ကြေး တောင်းနေသည့်အဖွဲ့မှ လူငယ်များမှာ ရန်ကုန်မြို့အတွင်းရှိ ဘူတာရုံများတွင် ပျံကျ နေထိုင်သူများ ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 


  • VIA