News

POST TYPE

CRIME & ACCIDENT

ပြည်မြို့၌ အမျိုးသမီးတစ်ဦး အသတ်ခံရ
27-Aug-2016

တောင်ငူ၊ သြဂုတ်၂၇


ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်မြို့နယ် နဝဒေးရပ်ကွက် နိဗ္ဗိန္ဒကျောင်းလမ်းရှိ စက်သုံးဆီအရောင်းဆိုင်အနီး၌ သြဂုတ် ၂၆ ရက် ည ၈ နာရီခန့်က အမျိုးသမီးတစ်ဦး ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။


"အခင်းဖြစ်ပွားချိန်မှာ ကယ်ကြပါဦးဆိုတဲ့ အသံကြားလို့ အနီးနားက ဒေသခံတွေ ထွက်ကြည့်တော့ အမျိုးသမီးကို သွေးအိုင်ထဲမှာ လဲနေတာတွေ့ခဲ့ကြတာလို့မျက်မြင်သက်သေအချို့ဆီက
သိရပါတယ်"ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


သေဆုံးသူ ဒေါ်ကေကေ (ခ)အေလာဝင်း(အသက် ၃၃ နှစ်)ဆိုသူသည် ပြည်မြို့ ခေတ္တရာမြို့သစ် အောင်သီရိရပ်ကွက်တွင် ခင်ပွန်းဖြစ်သူ ဦးမျိုးညွန့်(ခ) ဖိုးသာထူးနှင့်အတူ နေထိုင်ခဲ့ကြပြီး အခင်းဖြစ်ပွားသည့်နေ့ ညနေ ၃ နာရီခွဲခန့်က ခင်ပွန်းနှင့်စကားများရန်ဖြစ်ကာ ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ ညီမဖြစ်သူနေအိမ်သို့ ပြန်သွားကြောင်း၊ ညနေ ၆ နာရီခန့်တွင် ခင်ပွန်းသည်က ဆိုင်ကယ်နှင့်လာခေါ်ပြီးနောက် ည ၈ နာရီခန့်တွင် နဝဒေးရပ်ကွက် နိဗ္ဗိန္ဒကျောင်းလမ်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ပြတ်ရှဒဏ်ရာ ခြောက်ချက်ဖြင့် သွေးအိုင်ထဲ လဲကျနေသည်ကို မြင်တွေ့ခဲ့ရကြောင်း
ပြည်မြို့မရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရသည်။


"အခင်းဖြစ်တာကို သိသိချင်း ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။တရားခံမင်းလှဘက်ရောက်နေတယ် သတင်းရလို့တာဝန်ရှိသူတွေ လိုက်သွားပါတယ်"ဟု ပြည်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ယနေ့(သြဂုတ်၂၇ ရက်) ညနေ ၃ နာရီခန့်က ပြောကြားသည်။


အဆိုပါ အမှုနှင့်ပတ်သက်ပြီး ပြည်မြို့ မြို့မရဲစခန်းက (ပ)၁၆၄ /၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံဟုယူဆရသူကို စုံစမ်းနေဆဲဖြစ်သည်ဟု အဆိုပါရဲစခန်းထံမှ စုံစမ်းသိရှိရသည်။



  • VIA