News

POST TYPE

CRIME & ACCIDENT

မန္တလေးမြို့ပေါ် ဓားကိုင်ရမ်းကားသူကို လက်နက်ပုဒ်မဖြင့် တရားစွဲ
12-Sep-2017


မန္တလေး၊ စက်တင်ဘာ ၁၂

ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းပေါ်၌ စက်တင်ဘာလ ၁၁ ရက်နေ့ ညက ဓားရှည်တစ်ချောင်းကိုင်ကာ မူးယစ်ရမ်းကားခဲ့သူကို လက်နက်ပုဒ်မဖြင့် တရားရုံးစွဲတင်ရန် စီစဉ်နေကြောင်း အောင်ပင်လယ် နယ်မြေရဲစခန်းထံမှ သိရသည်။

“အဲဒီလူကို လက်နက်ဥပဒေပုဒ်မနဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာပဲ တရားစွဲတင်ပါတယ်”ဟု အောင်ပင်လယ် နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်ဇော်က ပြောကြားသည်။

ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ နှစ်အရွယ်ရှိ ကျော်ကိုကိုသည် အရိုးအသွား ၉လက်မခွဲ အရှည်ရှိ ငွေရောင် အရိုးတပ် ဓားရှည်တစ်ချောင်း ကိုင်ကာ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီခန့်အချိန်က ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် ၅၉ လမ်းထောင့်၌ လမ်းသွားလမ်းလာများကို ဆဲဆိုကြိမ်းမောင်းကာ လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊  ကျော်ကိုကိုသည် မနော်ဟရီလမ်းအတိုင်း ကားမောင်းလာပြီး အော်ဟစ်ဆဲဆိုလာခဲ့ကြောင်း၊ ယင်းသို့ မောင်းနှင်လာရာမှ ၅၉ လမ်းအရောက်တွင် ဓားရှည်ကိုင်ကာ ကားပေါ်မှ ဆင်းလာခဲ့ပြီး လမ်းပေါ်တွင် သွားလာနေသူများကို အန္တရာယ် ပြုခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ဆေးကြောင်ပြီး ဓားနဲ့လိုက်ခုတ်တာလို့ ပြောနေကြတာပဲ။ ထိခိုက်ဒဏ်ရာ ရသွားတဲ့သူတော့ မရှိပါဘူး”ဟု အခင်းဖြစ်နေရာ အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဓားကိုင်ရမ်းကားနေခဲ့သည့် ကျော်ကိုကိုကို  နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ရဲတပ်ကြပ်တစ်ဦးက တရားလို ပြုလုပ်တိုင်ကြားခဲ့သောကြောင့် အောင်ပင်လယ် နယ်မြေ ရဲစခန်းက (ပ) ၃၃၅/၂၀၁၇၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့် ထိန်းသိမ်းထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

M-04

  • VIA