News

POST TYPE

CRIME & ACCIDENT

အမှတ် ၈၁ သန်မြန်သူယာဉ်လိုင်းမှ ယာဉ်လုပ်သား နှစ်ဦးကို ပုဒ်မပြောင်းဖွင့်
26-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၅

ခရီးသည်တစ်ဦးကို သေစေနိုင်အောင် ထိုးကြိတ်မှု ကျူးလွန်ခဲ့သည့် အမှတ် ၈၁ သန်မြန်သူ ယာဉ်လိုင်းမှ ယာဉ်လုပ်သားနှစ်ဦးကို ဆဲဆိုမှု၊ ပြင်းထန်စွာ ရိုက်နှက်မှုမှ လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ အမှုဖွင့်ထားကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။

"သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ဆိုရင် ၁၃၈ ချက်နဲ့ အရေးယူမှာ ဖြစ်တယ်။ အခုက ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်သွားပြီ။ လူနာ မသေခင်က ဆဲဆိုမှု၊ ပြင်းထန်မှုနဲ့ပဲ အမှုဖွင့်ထားတာ။ အခုပြောင်းလိုက်ပြီ။ ဒါကြောင့် ဥပဒေပုဒ်မနဲ့ သူတို့ ရင်ဆိုင်ရမှာဖြစ်တယ်။ ယာဉ်ပိုင်ရှင်ကိုလည်း စည်းကမ်းချက်အတိုင်း ဆက်အရေးယူမယ်" ဟု  မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို)ကော် မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

သြဂုတ်လ ၂၄ ရက် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီတွင် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဖြစ်ပွားချိန်သည် လိုင်းချိန်ပြင်ပသို့ ရောက်ရှိနေပြီး ပြစ်မှုကျူးလွန်သူ ယာဉ်လုပ်သားနှစ်ဦးသည် သတ်မှတ်လိုင်စင်ဖြင့် မောင်းနှင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိချက်ကို ဦးလှအောင်က ပြောကြားသည်။ 

"ယာဉ်လုပ်သားတွေက အသက် ၂၀၊ ၂၁ ပဲ ရှိသေးတယ်။ ဒါ ယာဉ်ပိုင်ရှင်ဘက်က ကြုံရာလူကို မမောင်းခိုင်းသင့်ဘူး။ ဒီလိုထပ်မဖြစ်အောင် အထူး ကြပ်မတ်နေတယ်။ ယာဉ်ပိုင်ရှင်တွေအားလုံးကို သတိပေးစာ ပို့ထားတယ်" ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၂၁ ရက် ည ၁၀ နာရီက အမှတ် ၈၁ သန်မြန်သူယာဉ်လိုင်း ဒိုင်နာယာဉ်ကို စီးနင်းခဲ့သူ အသက် ၄၁ နှစ်ရှိ ဦးညွန့်လွင်သည် ညီဖြစ်သူနှင့်အတူ လမ်းဝကားမှတ်တိုင်မှ လိုက်ပါစီးနင်းစဉ် ယာဉ်စီးခ ပိုတောင်းခြင်းကြောင့် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်းမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

နဝဒေးရုပ်ရှင်ရုံကွေ့အရောက် ဒိုင်နာယာဉ်ပေါ်မှ ဆင်းနေသော ဦးညွန့်လွင်ကို အသက် ၂၁ နှစ်ရှိ ယာဉ်မောင်းနှင့် အသက် ၂၀ နှစ်ရှိ ယာဉ်နောက်လိုက် နှစ်ဦးက လက်သီးဖြင့် ဝိုင်းထိုးခဲ့သောကြောင့် ကားလမ်းပေါ် ပက်လက်လန် လဲကျခဲ့ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲကာ သတိလစ် မေ့မြောခဲ့ခြင်းကြောင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မရမ်းကုန်း မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူး ဇော်ထွန်းက ပြောကြားသည်။


  • VIA