News

POST TYPE

CRIME & ACCIDENT

၁၅ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်း၍ အလုပ်နှင့်ထောင်ဒဏ် ၁၃ နှစ် အမိန့်ချ
10-Sep-2017 tagged as

ရန်ကုန်၊ စက်တင်ဘာ ၁၀

ဒဂုံတောင်မြို့နယ်၊ (၇၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သည့် အမျိုးသားအား စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၁၃ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

အမိန့် ချမှတ်ခံရသော အသက် ၂၀ နှစ် ဟိန်းပြည့်ဖြိုးမှာ ယခုနှစ် မေလလယ်ပိုင်းက ၎င်းနှင့် ချစ်ကြိုက်နေသော ၁၅ နှစ်အရွယ် မိန်းကလေးကို ဝါးခယ်မမြို့ရှိ ၎င်း၏ သူငယ်ချင်းနေအိမ်ထံ ခေါ်ဆောင်ခဲ့ပြီး နှစ်ရက်ကြာ ပေါင်းသင်းနေထိုင်ခဲ့သည်။

“ကောင်မလေးက သူ့အမေ အိပ်ပျော်နေချိန်မှာ ယောက်ျားနောက် ခိုးရာလိုက်သွားတာ။ သုံးရက်မြောက်နေ့မှာ ဒဂုံတောင်ကို သူတို့နှစ်ယောက် ပြန်လာချိန်မှာ မအေဖြစ်သူနဲ့ ပြန်တွေ့ပြီး အသက်မပြည့်သေးတဲ့ သူ့သမီးကို ခိုးယူပေါင်းသင်းမှုနဲ့ အမှု ဖွင့်တိုင်ကြားခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

ချစ်သူမိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သည့် ဟိန်းပြည့်ဖြိုးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သူများအား အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ် ၂၀ အထိ အမိန့်ချမှတ်နိုင်ပြီး ယခုနှစ်တွင် အဆိုပါအမှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ကျသွားရှာသော လူငယ်အမျိုးသားများ ပိုများလာကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • TAGS