News

POST TYPE

CRIME & ACCIDENT

ချိန်းတွေ့သော စုံတွဲထံမှ ဆိုင်ကယ်ဆီဖိုးတောင်းသူ ဓားခုတ်ခံရ၍ သေဆုံး
10-Sep-2017 tagged as

ဗန်းမော်၊ စက်တင်ဘာ ၉ 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ဂေါ်ယာကန်ပတ်လမ်းတွင် စက်တင်ဘာလ ၈ ရက် ညပိုင်းက ချိန်းတွေ့သောစုံတွဲထံမှ ဆိုင်ကယ်ဆီဖိုးတောင်းသူ လူငယ်တစ်ဦး ဓားခုတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။ 

ရောဘတ်စစ်ရှောင်စခန်းတွင် နေထိုင်သူ ကိုးတန်းကျောင်းသား မောင်ဇော်ဒိန် (၁၆ နှစ်) က ၎င်း၏ သူငယ်ချင်းငါးဦးနှင့်အတူ ဂေါ်ယာကန်ပတ်လမ်းသို့ သွားရောက်ခဲ့ကြောင်း၊ သူငယ်ချင်းများကို ထားရစ်ပြီး မောင်ဇော်ဒိန်က ချိန်းတွေ့သော စုံတွဲထံမှ ဆိုင်ကယ်ဆီဖိုး ကျပ်တစ်ထောင် တောင်းရာမှ ချစ်သူနှင့် ချိန်းတွေ့သော အမျိုးသားနှင့် စကားများရန်ဖြစ်ကာ ဆီဖိုးတောင်းသူ ဓားဖြင့်ခုတ်ခံကြောင်း၊ ဓားခုတ်ခံရသူမှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း  မြို့မရဲစခန်းမှ သိရသည်။

“ဂေါ်ယာ ကန်ပတ်လမ်းမှာက ညနေဘက်ဆို စုံတွဲတွေအများဆုံး ရှိတဲ့နေရာပါ၊ မကြာခဏ ဆိုသလို စုံတွဲတွေဆီက ပိုက်ဆံအိတ်လုပြေးတာတို့ အနိုင်ကျင့် ငွေတောင်းတာတို့ ကြားနေရတယ်” ဟု အဆိုပါ လူသတ်မှုကို စစ်ဆေးသော ရဲအုပ် ဇော်ထက်အောင်က ပြောကြားသည်။ 

ဓားခုတ်ခံရသူ မောင်ဇော်ဒိန်တွင် မေးစေ့အောက်ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းဘယ်ဘက်ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။  
“သူ (မောင်ဇော်ဒိန်) က ကျွန်တော်တို့နဲ့အတူသွားတာ၊ ကျွန်တော်တို့ကို ကားလမ်းပေါ်မှာ စောင့်ခိုင်းပြီး ဆိုင်ကယ်ဆီဖိုး သွားတောင်းတာ၊ သိပ်မကြာခင်ပဲ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အခုတ်ခံရတာ” ဟု  အတူလိုက်ပါသွားသော လူငယ်တစ်ဦးက ပြောကြားသည်။     

R-14

  • TAGS