News

POST TYPE

CRIME & ACCIDENT

မင်္ဂလာဒုံတွင် တပ်မတော်မှ ဒုတပ်ကြပ်တစ်ဦး ဓားထိုးအသတ်ခံရ
09-Sep-2017 tagged as လူသတ်မှု

ရန်ကုန်၊ စက်တင်ဘာ ၉

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းဘေးရှိ ဝါယာလက် အထည်ချုပ်စက်ရုံရှေ့တွင် စက်တင်ဘာလ ၉ ရက် နံနက် ၃ နာရီဝန်းကျင်က ရန်ပွဲဝင်ထိန်းသည့် တပ်မတော်မှ အသက် ၃၀ ဝန်းကျင် ဒုတပ်ကြပ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ဒုတပ်ကြပ် လွင်ကိုနိုင်မှာ မင်္ဂလာဒုံမြို့နယ်ရှိ ဆေးဝါးသိုလှောင်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ၎င်း၏ သူငယ်ချင်း တပ်သားတစ်ဦးနှင့်အတူ ထမင်းကြော် ထွက်စားစဉ် အမျိုးသားတစ်ဦးကို ဝိုင်းထိုးကြိတ်နေသည့်အဖွဲ့ကို ဝင်ရောက်ဟန့်တားရာမှ ၎င်းမှာ ဓားဖြင့် ထိုးသတ်ခံရခြင်းဖြစ်သည်။

ဓားထိုးခံရသောကြောင့် ဒု တပ်ကြပ် လွင်ကိုနိုင်မှာ ဘယ်ဘက်ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ပေါင်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ ပါလာသည့် တပ်သားမှာ လက်တွင် ပြတ်ရှဒဏ်ရာရခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“သူတို့ နှစ်ယောက်က ထမင်းကြော်စားပြီး အပြန်လမ်းမှာ လူတစ်ယောက်ကို အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်နေတာ တွေ့လို့ သေဆုံးသူက ဝင်တားခဲ့ရာက ဓားနဲ့ ထိုးခံရတာ။ ဓားနဲ့ ထိုးတဲ့အဖွဲ့က ခြောက်ယောက်အဖွဲ့”ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ဆိုသည်။

သေဆုံးသူ ဒုတပ်ကြပ်၏ ရုပ်အလောင်းကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ခုတင် ၁၀ဝ၀ ဆေးရုံသို့ ပို့အပ်ထားပြီး လူသတ်မှုဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသည့် အမည်မသိ အမျိုးသား ခြောက်ဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၁၁၈၆/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03