News

POST TYPE

CRIME & ACCIDENT

ယာဉ်တိုက် သေဆုံးမှုဖြင့် စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်
ရန်ကုန်၊ စက်တင်ဘာ ၉

လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ သုနန္ဒာလမ်းသွယ် (၅) လမ်းအနီး လမ်းဘေးအမှိုက်ပုံတွင် အမျိုးသားတစ်ဦး သေဆုံးနေမှုကို ယာဉ်တိုက် သေဆုံးမှုဖြင့် အမှုဖွင့်စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံ၊ မြေတိုင်း (၂၆) တွင်နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ဇော်မျိုးဦး(ခ) စွန်တာနီသည် ဩဂုတ်လ ၃၁ ရက်နေ့က ညာနားထင်ပွန်းပဲ့၊ ညာမျက်ခုံးပေါ်ပွန်းပဲ့၊ ဘယ်/ညာသွေးထွက်၊ ညာ ချိုစောင်းပေါက်ပြဲ ဒဏ်ရာများဖြင့် လဲကျဆေသုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ယာဉ်တိုက် သေဆုံးသည်ဟုဆိုကာ ယင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်စစ်ဆေးရာမှ လူသတ်မှု ကျူးလွန်သူနှစ်ဦးကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“စဖွင့်တုန်းကတော့ ယာဉ်တိုက်သေဆုံးတယ်လို့ ယူဆပြီး ယာဉ်တိုက်မှုနဲ့ ဖွင့်ခဲ့တာ၊ သေဆုံးသူ ဘယ်သူဆိုတာကလည်း စက်တင်ဘာလ ၄ ရက်နေ့ကျမှ သိရတာ၊ အဲဒီနေ့က သူနဲ့အတူ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို သုံးဘီးဆိုင်ကယ်နဲ့ တွေ့ရတယ်လို့ သတင်းရတယ်၊ အဲဒါနဲ့ သူတို့နှစ်ဦးကို လိုက်ရှာတာ၊ တစ်ဦးကို တွေ့တဲ့အချိန် ဖမ်းစစ်လိုက်တော့ သူတို့ သတ်ခဲ့တာဆိုတာ ဝန်ခံတယ်၊ ဘာကြောင့်သတ်တာလဲ ဆိုတော့ သုံးဘီးဆိုင်ကယ်ခ တောင်းတာမပေးလို့ ရိုက်နှက်ခဲ့တာလို့ ပြောတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သေဆုံးအောင် ရိုက်နှက်ခဲ့သူနှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ယာတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အောင်ထွန်းကျော် (ခ)မှဲ့လေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်တွင်နေထိုင်သူ အသက် ၁၉ နှစ်အရွယ် လင်းလင်းတို့ဖြစ်ပြီး ယင်းနေ့က အမှတ် (၁၅) ရပ်ကွက်ဈေးအနီး အရက်ဆိုင် တစ်ဆိုင်တွင် အတူထိုင်သောက်ကာ သေဆုံးသူမှ အိမ်ပြန်ပို့ပေးရန် ပြောဆိုသဖြင့် လိုက်ပို့ရာ သုံးဘီးဆိုင်ကယ်ခ တောင်းသည်ကို မပေးကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ပြီး ဆိုင်ကယ်နောက်မှီသံကိုင်းအား ဆွဲချွတ်၍ ရိုက်နှက်ကာ မြေပြင်ပေါ်သို့လဲကျစဉ် နှစ်ဦးသားပေါင်းပြီး ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသူနဲ့အတူ ရှိနေတယ်ဆိုတဲ့ မှဲ့လေးကို ဖမ်းစစ်လိုက်တယ်၊ အဲဒီမှာ လူသတ်မှု ပေါ်ပေါက်ခဲ့တာ၊ လင်းလင်းကိုတော့ ဧရာဝတီတိုင်း၊ မော်ကျွန်းအထိ လိုက်ဖမ်းခဲ့ရတယ်၊ နှစ်ဦးလုံး ဖမ်းမိခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ကပဲ ယာဉ်တိုက်မှု ပုဒ်မကနေ လူသတ်မှုပုဒ်မနဲ့ ပြောင်းလဲဖွင့်ခဲ့တယ်၊ အမြန်ဆုံး တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

J-16