News

POST TYPE

CRIME & ACCIDENT

တောင်ကြီးတွင် လက်လုပ်မိုင်းဟု ယူဆရသည့် ပစ္စည်းများဖမ်းမိ
07-Sep-2017 tagged as တောင်ကြီး

ရန်ကုန်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် ကျောက်တစ်လုံးလမ်းအနီး အမှိုက်ပုံအနီးတွင် ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်က အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသော ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအမျိုးသားမှာ တောင်ကြီးမြို့ မြို့မရပ်ကွက် ကုန်းသာကျောင်းလမ်းတွင် နေထိုင်သူ အသက် ၄၄ နှစ် အောင်မင်း(ခ) နူလ်အာမင်းဖြစ်ပြီး ကမ္ဘောဇလမ်းပေါ် ယင်းအမျိုးသား သွားလာနေစဉ် ရပ်ကွက်နေသူများက မသင်္ကာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ခဲ့ရာမှ ယင်းအမျိုးသားအား လိုက်လံရှာဖွေခဲ့ရာ ကျောက်တစ်လုံးလမ်း၊ နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းအတက်လမ်း အမှိုက်ပုံအနီးတွင် တွေ့ရှိခဲ့ပြီး ခေါ်ယူစစ်ဆေးရာမှ ခါးကြားရှိ ပုဆိုးစဖြင့် ပတ်ထားသော လက်လုပ်မိုင်းဟု ယူဆရသော ပစ္စည်းများကို ၎င်းထံမှ သိမ်းဆည်းရမိခြင်းဖြစ်သည်။

တွေ့ရှိခဲ့သည့်ပစ္စည်းများမှာ အရှည် လေးလက်မခွဲ၊ အချင်း နှစ်လက်မခန့်ရှိ ဂက်စ်ဘူးခွံဖြင့် ပြုလုပ်ထားသော အဝတွင် သုံးလက်မ အရှည်ရှိ ဝါးရိုးတပ်ဆင်ထားသော လက်လုပ်မိုင်းဟု ယူဆရသည့် ကိရိယာတစ်ခုနှင့် အရှည် ငါးလက်မခန့်၊ အချင်း နှစ်လက်မခန့် ဂက်စ်ဗူးခွံဖြင့် ပြုလုပ်ထားသောအဝတွင် သစ်သားအပိုင်းများ ပိတ်ထားသည့် လက်လုပ်မိုင်းဟု ယူဆရသော ကိရိယာတစ်ခု၊ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော ဘုရားဦးခေါင်းတော် အပြတ်(ဉာဏ်တော် တစ်လက်မခန့်)၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ခဲနှင့် သံတိုသံစများ ဖြစ်သည်။

“ဒီလူက စိတ်ဝေဒနာသည်လို့ ပတ်ဝန်းကျင်က ပြောနေကြတယ်။ တွေ့မိတဲ့ ပစ္စည်းတွေကလည်း မိုင်းလို့တော့ အတိအကျ ပြောလို့မရသေးဘူး။ ယမ်းမပါဘူး။ ဟုတ် မဟုတ် လက်တလော စစ်ဆေးနေတုန်း”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ရန်ကုန် အပါအဝင် မြို့ကြီးများတွင် အစွန်းရောက်များ အကြမ်းဖက် ဖောက်ခွဲရန် စီစဉ်နေလျက်ရှိကြောင်း တပ်မတော်က စက်တင်ဘာလ ၅ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် လုံခြုံရေး သတိရှိရန်၊ မသင်္ကာဖွယ်ရာ လှုပ်ရှားမှု သတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ် နိုက်ထရိတ် တရားမဝင် စုဆောင်းနေသူများကို သိရှိပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်းကြားသွားကြပါရန် စက်တင်ဘာလ ၅ ရက်နေ့က အသိပေးချက် ထုတ်ပြန်ထားသည်။ 

S-03