News

POST TYPE

CRIME & ACCIDENT

လေးလောင်းပြိုင်လူသတ်မှု အမြန်ဖော်ထုတ်နိုင်ရန် အပူတပြင်း စုံစမ်း
25-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၄

အများပြည်သူ စိတ်ဝင်စားသော မင်္ဂလာဒုံ လေးလောင်းပြိုင်အမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းဆောင်ရွက်လျက်ရှိပြီး ယင်းအမှုမှ မသင်္ကာသူ သုံးဦးကို တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြား ပေးပါရန် မေတ္တာရပ်ခံထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

အဆိုပါ လေးလောင်းပြိုင် အမှုမှန်ဖော်ထုတ် ရရှိပါက အချိန်နှင့် တစ်ပြေးညီ ပြည်သူများ သိရှိစေရန် သတင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများနှင့် သတင်းမီဒီယာ အချို့တွင် ဖော်ပြနေသည့် သေဆုံးသူ ရဲအရာရှိဟောင်း ကိုစိုးနောင်နှင့် ပတ်သက်၍ ဖော်ပြနေ သည့် သတင်းအချို့မှာ မှန်ကန်မှု မရှိသည့် သတင်းအမှားများကို ဖော်ပြနေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

"လေးလောင်းပြိုင် အသတ်ခံရတဲ့ မိသားစုက အိမ်ထောင်ဦးစီး ရဲအရာရှိဟောင်းက တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ချိန် မူးယစ်ဆေးဝါး အမှုကြီးတစ်ခုကို ဖမ်းဆီးခဲ့ရာက အဲ့ဒီရန်ငြိုးတစ်ခုကြောင့် အသတ်ခံရတာလို့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တယ်၊ ဒါ့အပြင်သေဆုံးသူ ရဲအရာ ရှိဟောင်းက လိုင်စင်မဲ့ကား ဖမ်းဆီးခံရသူ အမျိုးသားကို အမှုသက်သာအောင် လုပ်ပေးမယ်ဆိုပြီး ငွေ ၁၅ သိန်း ယူခဲ့ပေမယ့် ငွေပေးခဲ့သူက ထောင်ကျခဲ့လို့ အငြိုးတစ်ခုနဲ့ မိသားစုကို သတ်ခံရတာ ဖြစ်နိုင်ကြောင်း သတင်းအမှားတွေ ထပ်မံဖော်ပြခဲ့ကြတယ်၊ ဒီအမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းနေပြီး အမှုမှန် ဖော်ထုတ်နိုင်တာနဲ့ အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေထံ သတင်းထုတ်ပြန်ပေးသွားမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရှိ ကျူးကျော်ကွက်သစ်၊ မြအေးချမ်း လမ်းသွယ်တွင် သြဂုတ်လ ၂၀ ရက်နေ့က ဒုရဲအုပ်အဆင့်ဖြင့် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သော ဦးစိုးနောင် အပါအဝင် မိသားစုဝင်လေးဦး နေအိမ်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယင်းအမှုကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့ ပူးပေါင်းကာ အမှုမှန်ပေါ် ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းအမှုမှ သေဆုံးသူ ရဲအရာရှိဟောင်း ဦးစိုးနောင်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်တွင် လက်နက်မှု၊ လိုင်စင်မဲ့ကား လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရသော ကိုဝင်းကိုဦးကို အမှုသက်သာစေရေး ဆောင်ရွက်ပေးမည်ဟု ဆိုကာ ငွေကြေးယူခဲ့ကြောင်း၊ ယင်းနောက် ကိုဝင်းကိုဦးမှာ ထောင်ဒဏ်ကျခံရပြီး ထောင်မှ ပြန်လွတ်လာပြီးနောက် ယင်းလေးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့သောကြောင့် ၎င်းကို ရဲတပ်ဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

"ခေါ်စစ်ဆေးခဲ့သူက ပဲခူးတိုင်း၊ စစ်ပင်ဆိပ်ကျေးရွာမှာ နေထိုင်သူပါ၊ သေဆုံးသူ ကိုစိုးနောင်နှင့် ငွေကြေးကိစ္စ ပတ်သက်မှု မရှိခဲ့ကြောင်း စစ်ဆေးသိရှိရလို့ သူ့ကိုပြန်လွှတ်လိုက်ပါပြီ" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

ယင်းအပြင် လူမှုကွန်ရက် စာမျက်နှာများတွင် သေဆုံးသူ ကိုစိုးနောင်မှာ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်က ထောက်ကြန့် စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းနှင်ပြေးသည့် အလုံပိတ် ယာဉ်တစ်စီးကို ၎င်းနှင့်အတူ တပ်ဖွဲ့ဝင်သုံးဦးတို့က တွဲခိုလိုက်ပါခဲ့ပြီး သမိုင်းလမ်းဆုံ မုဒိတာအိမ်ရာအနီးတွင် ယာဉ်ကို ရပ်တန့်စစ် ဆေးခဲ့ရာမှ စိတ်ကြွဆေးပြား ခြောက်သန်း ဖမ်းမိခဲ့သော်လည်း အမှုမှာ အကောင်အထည် ပေါ်မလာဘဲ ပျောက်ဆုံးခဲ့သောကြောင့် စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း ဖော်ပြထားသည့် သတင်းမှာလည်း သတင်းအမှား ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

"ကိုစိုးနောင် ရဲတပ်ဖွဲ့က နုတ်ထွက်ခဲ့တာ ၂၀၁၄ ခုနှစ်ကပါ၊ မုဒိတာ အိမ်ရာထဲ ဖမ်းမိတဲ့ မူးယစ်ဆေးဝါး အမှုက ၂၀၁၆ ခုနှစ်မတ်လ ၃ ရက်နေ့ ဖြစ်တယ်၊ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေမယ့် သတင်းအမှားတွေ ဖော်ပြသူကို စုံစမ်းဖော်ထုတ် အရေးယူသွားမှာပါ" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

လေးလောင်းပြိုင် လူသတ်မှု မဖြစ်ပွားခင် ယင်းနေအိမ်ရှေ့တွင် လူစိမ်းအမျိုးသား သုံးဦးက ဓာတ်ပုံများ လာရိုက်စဉ် သေဆုံးခဲ့သော အိမ်ရှင်အမျိုးသမီးက နေအိမ်အတွင်းမှ ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ကြောင်း၊ ယင်းဓာတ်ပုံမှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းတို့ သုံးဦးကို အမှုဖြစ်စဉ်နှင့် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

နေအိမ်အတွင်း အသတ်ခံရသည့် ရဲအရာရှိဟောင်း ဦးစိုးနောင်၊ ၎င်း၏ ဇနီး ဒေါ်ချယ်ရီပွင့်၊ သားနှစ်ဦးဖြစ်သော ရှစ်တန်းကျောင်းသားနှင့် သုံးတန်းကျောင်းသားတို့၏ သွေးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ကို DNA စစ်ဆေးနေပြီး သိမ်းဆည်းရမိခဲ့သည့် ဦးစိုးနောင် ကိုင်ဆောင်သည့် ငါးမန်းစွယ်ဓားမှာမူ မျက်နှာပြင် ကြမ်းနေသောကြောင့် လက်ဗွေရာ ရှာဖွေရန် အခက်အခဲရှိနေကြောင်း စီအိုင်ဒီမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


  • VIA