News

POST TYPE

CRIME & ACCIDENT

လေးလောင်းပြိုင် လူသတ်မှု အမြန် ဖော်ထုတ်နိုင်ရန် အပူတပြင်း စုံစမ်း
24-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၄

အများပြည်သူ စိတ်ဝင်စားသော မင်္ဂလာဒုံ လေးလောင်းပြိုင် အမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်း ဆောင်ရွက်လျက်ရှိပြီး ယင်းအမှုမှ မသင်္ကာသူ သုံးဦးကို တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ အကြောင်း ကြားပေးပါရန် မေတ္တာရပ်ခံထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ လေးလောင်းပြိုင် အမှုမှန် ဖော်ထုတ်ရရှိပါက အချိန်နှင့်တစ်ပြေးညီ ပြည်သူများ သိရှိစေရန် သတင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများနှင့် သတင်းမီဒီယာ အချို့တွင် ဖော်ပြနေသည့် သေဆုံးသူ ရဲအရာရှိဟောင်း ကိုစိုးနောင်နှင့် ပတ်သက်၍ ဖော်ပြနေသည့် သတင်းအချို့မှာ မှန်ကန်မှု မရှိသည့် သတင်း အမှားများကို ဖော်ပြနေခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“လေးလောင်းပြိုင် အသတ်ခံရတဲ့ မိသားစုက အိမ်ထောင်ဦးစီး ရဲအရာရှိဟောင်းက တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ချိန် မူးယစ်ဆေးဝါး အမှုကြီး တစ်ခုကို ဖမ်းဆီးခဲ့ရာက အဲ့ဒီရန်ငြိုးတစ်ခုကြောင့် အသတ်ခံရတာလို့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တယ်၊ ဒါ့အပြင် သေဆုံးသူ ရဲအရာရှိဟောင်းက လိုင်စင်မဲ့ကား ဖမ်းဆီးခံရသူ အမျိုးသားကို အမှုသက်သာအောင် လုပ်ပေးမယ်ဆိုပြီး ငွေ ၁၅ သိန်း ယူခဲ့ပေမယ့် ငွေပေးခဲ့သူက ထောင်ကျခဲ့လို့ အငြိုး တစ်ခုနဲ့ မိသားစုကို သတ်ခံရတာ ဖြစ်နိုင်ကြောင်း သတင်းအမှားတွေ ထပ်မံ ဖော်ပြခဲ့ကြတယ်၊ ဒီအမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းနေပြီး အမှုမှန် ဖော်ထုတ်နိုင်တာနဲ့ အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေထံ သတင်း ထုတ်ပြန်ပေးသွားမှာပါ”ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရှိ ကျူးကျော်ကွက်သစ်၊ မြအေးချမ်း လမ်းသွယ်တွင် သြဂုတ်လ ၂ဝ ရက်နေ့က ဒုရဲအုပ် အဆင့်ဖြင့် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သော ဦးစိုးနောင် အပါအဝင် မိသားစုဝင် လေးဦး နေအိမ်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ယင်းအမှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းအမှုမှ သေဆုံးသူ ရဲအရာရှိဟောင်း ဦးစိုးနောင်မှာ ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်တွင် လက်နက်မှု၊ လိုင်စင်မဲ့ကား လက်ဝယ် တွေ့ရှိမှုဖြင့် ဖမ်းဆီး ခံရသော ကိုဝင်းကိုဦးကို အမှု သက်သာစေရေး ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေး ယူခဲ့ကြောင်း၊ ယင်းနောက် ကိုဝင်းကိုဦးမှာ ထောင်ဒဏ် ကျခံရပြီး ထောင်မှ ပြန်လွတ်လာပြီးနောက် ယင်းလေးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့သောကြောင့် ၎င်းကို ရဲတပ်ဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရ သည်။

''ခေါ်စစ်ဆေးခဲ့သူက ပဲခူးတိုင်း၊ စစ်ပင်ဆိပ်ကျေးရွာမှာ နေထိုင်သူပါ၊ သေဆုံးသူ ကိုစိုးနောင်နှင့် ငွေကြေး ကိစ္စ ပတ်သက်မှု မရှိခဲ့ကြောင်း စစ်ဆေးသိရှိ ရလို့ သူ့ကိုပြန်လွှတ်လိုက်ပါပြီ'' ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။

ယင်းအပြင် လူမှုကွန်ရက်စာမျက်နှာ များတွင် သေဆုံးသူ ကိုစိုးနောင်မှာ ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်က ထောက်ကြန့် စစ်ဆေးရေးဂိတ်တွင် အစစ်ဆေး မခံဘဲ မောင်းနှင်ပြေးသည့် အလုံပိတ် ယာဉ်တစ်စီးကို ၎င်းနှင့်အတူ တပ်ဖွဲ့ဝင် သုံးဦးတို့က တွဲခိုလိုက်ပါခဲ့ပြီး သမိုင်းလမ်းဆုံ မုဒိတာအိမ်ရာ အနီးတွင် ယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့ရာမှ စိတ်ကြွဆေးပြား ခြောက်သန်း ဖမ်းမိခဲ့သော်လည်း အမှုမှာ အကောင်အထည် ပေါ်မလာဘဲ ပျောက်ဆုံး ခဲ့သောကြောင့် စိတ်နာပြီး ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း ဖော်ပြထားသည့် သတင်းမှာလည်း သတင်း အမှားဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ကိုစိုးနောင် ရဲတပ်ဖွဲ့က နုတ်ထွက်ခဲ့တာ ၂ဝ၁၄ ခုနှစ်ကပါ၊ မုဒိတာ အိမ်ရာထဲ ဖမ်းမိတဲ့ မူးယစ်ဆေးဝါး အမှုက ၂ဝ၁၆ ခုနှစ် မတ်လ ၃ ရက်နေ့ ဖြစ်တယ်၊ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်စေမယ့် သတင်း အမှားတွေ ဖော်ပြသူကို စုံစမ်း ဖော်ထုတ် အရေးယူသွားမှာပါ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လေးလောင်းပြိုင် လူသတ်မှု မဖြစ်ပွားခင် ယင်းနေအိမ်ရှေ့တွင် လူစိမ်း အမျိုးသား သုံးဦးက ဓာတ်ပုံများ လာရိုက်စဉ် သေဆုံးခဲ့သော အိမ်ရှင် အမျိုးသမီးက နေအိမ်အတွင်းမှ ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံ ရိုက်ယူခဲ့ကြောင်း၊ ယင်းဓာတ်ပုံမှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းတို့ သုံးဦးကို အမှုဖြစ်စဉ်နှင့် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်း ရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

နေအိမ်အတွင်း အသတ်ခံရသည့် ရဲအရာရှိဟောင်း ဦးစိုးနောင်၊ ၎င်း၏ ဇနီး ဒေါ်ချယ်ရီပွင့်၊ သားနှစ်ဦးဖြစ်သော ရှစ်တန်း ကျောင်းသားနှင့် သုံးတန်း ကျောင်းသားတို့၏ သွေးနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ကို DNA စစ်ဆေးနေပြီး သိမ်းဆည်း ရမိခဲ့သည့် ဦးစိုးနောင် ကိုင်ဆောင်သည့် ငါးမန်းစွယ် ဓားမှာမူ မျက်နှာပြင် ကြမ်းနေသောကြောင့် လက်ဗွေရာ ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း စီအိုင်ဒီမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


  • VIA

ABOUT AUTHOR

(နော်ကိုကို)