News

POST TYPE

CRIME & ACCIDENT

မြဝတီတွင် ရွှေဆိုင်ပိုင်ရှင် ဇနီးမောင်နှံ သေတမ်းစာရေး၍ အဆိပ်သောက်သေ
24-Aug-2016
မြဝတီ၊ သြဂုတ်၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) ရပ်ကွက်၊ မြရတနာလမ်း၊ အိမ်အမှတ်(စ/၃ဝ၄) တွင် နေထိုင်ပြီး ဘုရင့်နောင်ဈေးတွင် ရွှေဆိုင်ဖွင့်ထားသည့် ဇနီးမောင်နှံသည် သေတမ်းစာရေးခဲ့ပြီးနောက် သြဂုတ် ၂၃ ရက် ည ၁ဝ နာရီခန့်က အဆိပ်သောက် သေဆုံးခဲ့ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။

သေဆုံးသူများမှာ မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးအတွင်း၌ "ရွှေရည်ဖူး" အမည်ဖြင့် ရွှေထည်ပစ္စည်းအရောင်းဆိုင် ဖွင့်ထားသည့် အသက် ၄၉ နှစ်အရွယ် ဦးမိုးဝင်းနှင့် အသက် ၄၃ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်အေးအေးသက်တို့ဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်သည့် သုံးထပ်တိုက်၏ ဒုတိယထပ်ရှိ အိပ်ခန်းအတွင်း သေဆုံးနေခြင်းဖြစ်ကြောင်း မြဝတီမြို့မရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

“သေဆုံးသူ အမျိုးသားက မျက်နှာတစ်ခုလုံး ညိုမဲနေပြီ။ အန်ထားတဲ့အတွက် ပါးစပ်မှာ သွေးစတွေတွေ့ရတယ်။ အမျိုးသမီးမှာက မျက်နှာနဲ့နုတ်ခမ်းတွေ ပြာနှမ်းနေပြီ။ ပြင်ပဒဏ်ရာမတွေ့ရဘူး” ဟု အဆိုပါနေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ဆယ်အိမ်မှူး တစ်ဦးက ပြောကြားသည်။

သေဆုံးသူများ၏အနီးတွင် အဆိပ်ဖြစ်စေတက်သော အရည်တစ်မျိုးမျိုးကို ရေနှင်ရော၍ သောက်ခဲ့သည်ဟု ယူဆရကြောင်း၊ ခုတင်ပေါ်တွင် ‘ကိုမျိုးညွှန့်၊ ကိုချိုတို့နှင့် သုံးဦးစပ်ပိုင်ဆိုင်ဆိုင်သော
မြေကွက်၏ သုံးပုံတစ်ပုံကို မသီတာဦးကို ပေးပါ’ဟု ရေးသားထားသော စာရွက်ပိုင်းတစ်ခုကိုတွေ့ရကြောင်း မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ်မြတ်စိုးလင်းက ပြောဆိုသည်။

လက်ရှိအချိန်၌ ၎င်းတို့သေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန် ရဲဆေးစာဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ ရပ်ကွက်ဒေသခံများ၏ အဆိုအရ သေဆုံးသူဇနီးမောင်နှံသည် ရွှေဆိုင်ဖွင့်ထားသော်လည်း ကျပ်သိန်း ၁၉ဝဝ ခန့် အကြွေးဆပ်ရန်ရှိနေပြီး ၎င်းတို့၏ အိမ်ကို ပေါင်နှံထားသည့်အပြင် အခြားမြေကွက်များကိုလည်း ပေါင်နှံထားသည်ဟု သိရကြောင်း မြဝတီမြို့မရဲစခန်း၏ ကနဦးစစ်ဆေးချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် သေဆုံးသူ ဦးမိုးဝင်းနှင့် ဇနီး ဒေါ်အေးအေးသက်တု့ိ သေဆုံးရခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်၊မဟုတ် စုံစမ်းစစ်ဆေးနေပြီး မြဝတီမြို့မရဲစခန်းက သေမှုသေခင်း အမှတ် (ပ) ၉/ ၂ဝ၁၆ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။


  • VIA