News

POST TYPE

CRIME & ACCIDENT

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိုးကြိတ်မှုကြောင့် ခရီးသည်သေဆုံး
23-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၂


သန်မြန်သူ ယာဉ်လိုင်းအမှတ် (၈၁) ခရီးသည်တင် ဒိုင်နာယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ထိုးကြိတ်မှုကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။

သေဆုံးခဲ့သူ အသက် ၄၁ နှစ်အရွယ် ဦးညွန့်လွင်မှာ သြဂုတ် ၂၁ ရက် ည ၁၀ နာရီက ညီဖြစ်သူနှင့်အတူ မရမ်းကုန်းမြို့နယ် တံတားလေး လမ်ဝမှတ်တိုင်တွင် (၈၁) ဒိုင်နာယာဉ်ဖြင့် လိုက်ပါခဲ့ကြောင်း မရမ်းကုန်း မြို့မစခန်းမှူး ဒုရဲမှူး ဇော်ထွန်းက ပြောကြားသည်။


"ရှစ်မိုင်သွားမယ့် ညီအစ်ကို နှစ်ယောက်ကို စပယ်ယာက တစ်ယောက် ငါးရာကျပ် တောင်းတာကြောင့် မလိုက်တော့ဘူး။ တက္ကစီပဲ ငှားစီးတော့မယ် ပြောပြီး ကားပေါ်က ဆင်းချိန် ယာဉ်မောင်းနဲ့ စပယ်ယာ နှစ်ယောက်က သေဆုံးသူကို လက်သီးနဲ့ ဝိုင်းထိုးခဲ့တာ"ဟု ၎င်းက ဆိုသည်။


နဝဒေးရုပ်ရှင်ရုံကွေ့ ဒိုင်နာယာဉ်ပေါ်မှ ဆင်းနေသော အမျိုးသားကို အသက် ၂၁ နှစ်အရွယ် ယာဉ်မောင်းနှင့် ၁၉ နှစ်အရွယ် ယာဉ်နောက်လိုက် နှစ်ဦးက လက်သီးဖြင့် ဝိုင်းထိုးခဲ့သောကြောင့် ကားလမ်းပေါ် ပက်လက်လန်လဲကျခဲ့ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲကာ သတိလစ်မေ့မြော ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ မရမ်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။


"ဒရိုင်ဘာနဲ့ စပယ်ယာက ခရီးသည်ကို ဝိုင်းထိုးပြီး ကားမောင်းထွက်ပြေးသွားတယ်။ သေဆုံးသူရဲ့ ညီဖြစ်သူက ကားနံပါတ် မှတ်ထားပြီး သူ့အစ်ကိုကို မြောက်ဥက္ကလာ ဆေးရုံပို့ခဲ့တယ်။ ဒါပေမဲ့ သြဂုတ် ၂၂ ရက် ညမှာ သေဆုံးသွားတယ်။ ပြစ်မှုကျူးလွန်သူတွေ အားလုံးကို ဖမ်းမိထားပါပြီ"ဟု ဒုရဲမှူး ဇော်ထွန်းက ပြောကြားသည်။


ခရီးသည် သေဆုံးမှုနှင့် ပတ်သက်၍ သန်မြန်သူယာဉ်လိုင်းအမှတ် (၈၁) မှ တာဝန်ရှိသူများထံ လတ်တလော ဆက်သွယ်မေးမြန်းနေပြီး ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။



  • VIA