News

POST TYPE

CRIME & ACCIDENT

လေးလောင်းပြိုင် လူသတ်မှု သံသယ ရှိသူများကို ထုတ်ပြန်
23-Aug-2016
ရန်ကုန်၊ သြဂုတ် ၂၂

ပြည်သူအများ ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ရဲအရာရှိဟောင်းနှင့် မိသားစုများ သေဆုံးခဲ့သော လေးလောင်းပြိုင် လူသတ်မှုတွင် သံသယရှိသူများကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖော်ထုတ်အရေးယူရန် အပူတပြင်း လိုက်လံစုံစမ်းနေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“လေးလောင်းပြိုင် လူသတ်မှု မဖြစ်ခင် သုံးရက်က အခင်းဖြစ် နေအိမ်ကို အမည်မသိ အမျိုးသားသုံးယောက် ရောက်လာပြီး အိမ်ရှေ့ကနေ ဓာတ်ပုံတွေ ရိုက်နေတာကို သေဆုံးသူ အိမ်ရှင်အမျိုးသမီးကတွေ့ပြီး သူ့လက်ကိုင်ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်ထားတာကို စစ်ဆေးတွေ့ရှိရတယ်၊ ဒီလူတွေကို သံသယ ရှိတာကြောင့် ဖမ်းဆီးစစ်ဆေးဖို့ ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲအရာရှိဟောင်း နေအိမ်ရှေ့ လာရောက်ချောင်းမြောင်းကာ ဓာတ်ပုံလာရိုက်သည့် အမျိုးသားသုံးဦးအနက် နှစ်ဦးမှာ လူသတ်မှု မဖြစ်ပွားခင် တစ်ပတ်ခန့်က ယင်းနေအိမ်ရှေ့သို့ လာရောက်ခဲ့ကြောင်း ရဲအရာရှိ၏ ယောက္ခမ တော်စပ်သူ အသက် ၅၄ နှစ်အရွယ် ဒေါ်ရီရီနွဲ့က ပြောကြားသည်။ 

“အိမ်ရှေ့မှာ ဓာတ်ပုံလာရိုက်သူ သုံးယောက်ကို မသင်္ကာလို့ သမီးဖြစ်သူက သူ့ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်ထားပြီး ကျွန်မကို ပြတယ်၊ ဓာတ်ပုံထဲက သုံးယောက်မှာ အသားမည်း ဆံပင်အတိုနဲ့ လူနှစ်ယောက်က ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ရှေ့ရောက်လာပြီး ဟိုကြည့်ဒီကြည့် လုပ်နေတာကို ကျွန်မ တွေ့ခဲ့တယ်၊ ဒါကြောင့် သမီးကို အိမ်နဲ့ ခြံတံခါးတွေ သေချာပိတ်ထားပြီး သတိထားနေဖို့ ပြောခဲ့သေးတယ်” ဟု ဒေါ်ရီရီနွဲ့က ဆက်လက်ပြောကြားသည်။

အဆိုပါ ဓာတ်ပုံထဲပါသည့် အမျိုးသားသုံးဦးမှာ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်နှစ်ခုမှ လူဆိုးစာရင်းဝင်သူများဟု ကနဦး စုံစမ်းချက်အရ သိရှိရပြီး ၎င်းတို့ကို ဖမ်းဆီးအရေးယူနိုင်ရန် မြို့နယ်ရဲစခန်းများအနှံ့ ဓာတ်ပုံများ ဖြန့်ဝေထားကြောင်း၊ ယင်းအပြင် သေဆုံးသူ မိသားစုဝင်လေးဦး၏ လက်ကိုင်ဖုန်း ငါးလုံးကို စီအိုင်ဒီက စစ်ဆေးနေကြောင်း  ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အသတ်ခံရသော ရဲအရာရှိဟောင်းမှာ ၎င်းလုပ်ကိုင်နေသည့် အုတ်၊ သဲ၊ ကျောက် လုပ်ငန်းများရှိရာ  ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော ပွဲစားဖြစ်သူနှင့် လုပ်ငန်းကိစ္စ စကားများခဲ့ပြီး ဟိုတယ်တစ်ခုတွင် တစ်လ ငွေကျပ်လေးသိန်းဖြင့် လုပ်ကိုင်ရန် အလုပ်လျှောက်ထားခဲ့ကြောင်း သေဆုံးသူ မိသားစုထံမှ သိရှိရသည်။

“မောင်စိုးနောင်က လုပ်ငန်းအဆင်မပြေလို့ တပ်ရင်းမှူးတစ်ဦးကို အကူအညီတောင်းပြီး ဟိုတယ်မှာ အလုပ်လျှောက်ခဲ့တယ်၊ ၂၀၁၄ ခုနှစ်မှာ ဒုရဲအုပ်အဆင့်နဲ့ ရဲတပ်ဖွဲ့က နုတ်ထွက်ပြီး နဝရတ်လမ်းမှာ သူတို့မိသားစုတွေ အိမ်ငှားနေရင်း အုတ်၊ သဲ၊ ကျောက် ပွဲစားလုပ်ရာက အဆင်ပြေခဲ့တာကြောင့် ဒီမြေနေရာမှာ တိုက်ခံအိမ်လေးဆောက်ပြီး ပြောင်းနေထိုင်တာ ခုနစ်လပဲ ရှိသေးတယ်” ဟု သေဆုံးသူ မိသားစုနှင့် ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ် အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့အနီး ပတ္တမြားမြို့သစ်၊ ကျူးကျော်ကွက်သစ်၊ မြအေးချမ်းလမ်းသွယ်ရှိ တိုက်ခံနေအိမ်တစ်လုံးတွင် ကျန်ရစ်သူ ဒေါ်ရီရီနွဲ့ အပါအဝင် မိသားစုဝင်ငါးဦး နေထိုင်ခဲ့ပြီး သြဂုတ်လ ၂၀ ရက် နံနက်ပိုင်းက သားမက်ဖြစ်သူ ရဲအရာရှိဟောင်း အပါအဝင် မိသားစုဝင်လေးဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အပြင်မှ နေအိမ်ပြန်လာသည့် ဒေါ်ရီရီနွဲ့က စတင်မြင်တွေ့ခဲ့ကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

“ကျွန်မက ရွှေပြည်သာက ဆွေမျိုးတွေဆီ အလည်သွားခဲ့တယ်၊ သမီးဖြစ်သူ အဝေးသင်နောက်ဆုံးနှစ် ဖြေဖို့ ကျူရှင်သွားတက်ရမှာကြောင့် မနက်အစော ပြန်လာဖို့ သြဂုတ်လ ၁၉ ရက် ည ၁၀ နာရီက ကျွန်မဆီ ဖုန်းမက်ဆေ့ချ် ပို့ခဲ့တယ်၊ ဒါကြောင့် သြဂုတ် ၂၀ ရက် မနက်အစောမှာ အိမ်ပြန်လာချိန် သမီးနဲ့ သမက်ရဲ့ လက်ကိုင်ဖုန်းတွေက ခေါ်မရဘူး၊ ခြံတံခါးနဲ့ အိမ တံခါးတွေ ပိတ်ထားတာကြောင့် အင်တာနာကြိုးရှိလို့ တံခါးပိတ်မရတဲ့ ပြတင်းပေါက်ကနေ အိမ်ထဲဝင်ခဲ့ရာက သွေးအိုင်ထဲမှာ အားလုံး သေဆုံးနေတာကို တွေ့ခဲ့ရတာပါ” ဟု မျက်ရည်များ ရစ်ဝဲကာ ဒေါ်ရီရီနွဲ့က ပြောကြားသည်။ 

နေအိမ်အတွင်း အသတ်ခံရသူများမှာ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အဆင့်ဖြင့် နုတ်ထွက်ခဲ့သော အသက် ၃၇ နှစ်အရွယ် ဦးစိုးနောင်နှင့် အသက် ၃၄ နှစ်အရွယ်ရှိ ၎င်း၏ဇနီး ဒေါ်ချယ်ရီပွင့်၊ အသက် ၁၃ နှစ်အရွယ်ရှိ သားအကြီးဖြစ်သူ ဟန်သူရနှင့် အသက် ၈ နှစ်အရွယ်ရှိ အငယ်ဆုံးသား စွမ်းထက်မြတ်တို့ဖြစ်ပြီး အိမ်ထောင်ဦးစီးဖြစ်သူ ဦးစိုးနောင်၏ဘေးတွင် အရှည် ၁၁ လက်မရှိ သွေးစွန်းနေသာ ငါးမန်းစွယ် ဓားတစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

“သိမ်းဆည်းရမိတဲ့ဓားက ကိုစိုးနောင်ရဲ့ ဓားပါ၊ နေအိမ်ထဲက ဓားအိမ်ပါ သိမ်းဆည်းရမိခဲ့တယ်၊ ပြန်ခုခံတိုက်ခိုက်ရင်း သေဆုံးခဲ့တာလား၊ ဒါမှမဟုတ် မိသားစုကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုး အထင်မှားရအောင် ပြစ်မှုကျူးလွန်သူတွေက ဂွင်ဆင်ခဲ့တာလား တိကျတဲ့ အဖြေရရှိဖို့ ဓားမှာပေနေတဲ့သွေးနဲ့ လက်ပွေရာတွေကို စီအိုင်ဒီက စစ်ဆေးနေတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲအရာရှိဟောင်း ဦးစိုးနောင်မှာ အင်းစိန်မြို့နယ်တွင် နယ်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒုရဲအုပ်အဆင့် ရာထူးတိုးမြှင့်ခံရပြီး အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ထံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် အမှတ် (၃)လမ်းရှိ စစ်ဆေးရေးဂိတ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေးကြောင့် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သူဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“သေဆုံးသူ ရဲအရာရှိက မြောက်ဥက္ကလာ ဝေဘာဂီမှာ အမျိုးသားတစ်ယောက် လိုင်စင်မဲ့ ဆိုင်ကယ်မောင်းနှင်မှုနဲ့ ဖမ်းဆီးခံရတုန်းက သူအဆင်ပြေအောင် လိုက်ဆောင်ရွက်ပေးမယ်ဆိုပြီး ငွေ ၁၅ သိန်း ယူခဲ့ဖူးတယ်။ ဒါပေမဲ့ ဖမ်းခံရသူက ထောင်ကျသွားတယ်၊ ထောင်ကျသွားသူက ပြီးခဲ့တဲ့ တစ်လက ပြန်လွတ်လာပြီးနောက် သူတို့မိသားစုတွေ အသတ်ခံရမှု ဖြစ်ခဲ့တာကြောင့် အဲ့ဒီအမျိုးသားကိုပါ ခေါ်စစ်ဆေးဖို့ လိုက်လံစုံစမ်းနေတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်မှာ လူသွားလူလာပြတ်သည့် မြအေးချမ်းလမ်းသွယ်၏ အစွန်ဆုံးတွင် တည်ရှိပြီး ယင်းလမ်းရှိ နေအိမ်များမှာ တစ်အိမ်နှင့် တစ်အိမ် အလှမ်းကွာဝေးသောကြောင့် နေအိမ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်သံများကို ပတ်ဝန်းကျင်မှ ကြားမိသူ မရှိခဲ့ကြောင်း၊ သေဆုံးခဲ့သည့် မိသားစုဝင်လေးဦးမှာ ခန္ဓာကိုယ်တွင် သေစေနိုင်မည့် နေရာများကို ချွန်ထက်သောအရာဖြင့် ထိုးသွင်းအသတ်ခံရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

အသတ်ခံရသည့် ရဲအရာရှိဟောင်း မိသားစုမှာ အနေအထိုင် အေးဆေးသူဖြစ်ပြီး ရှစ်တန်းနှင့် သုံးတန်း တက်ရောက်နေသော ၎င်း၏ သားနှစ်ဦးမှာ ပညာထူးချွန်ဆုများ ရရှိထားသူဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရပြီး သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ရေဝေးသုသာန်တွင် ယင်းမိသားစုဝင်လေးဦး၏ ရုပ်အလောင်းများကို သြင်္ဂိုဟ်ခဲ့ရာ လာရောက်ကြည့်ရှုသူဦးရေ တစ်ထောင်ကျော် ရှိခဲ့သည်။