News

POST TYPE

CRIME & ACCIDENT

ဒုတိယမြောက် ရက် ၁ဝဝ တွင် လောင်းကစားနှင့် မူးယစ်ဆေးဝါး ပပျောက်သည်အထိ ဆောက်ရွက်မည်ဟုဆို
21-Aug-2016
တောင်ငူ၊ သြဂုတ် ၂ဝ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ခြောက်မြို့နယ်တွင် ဒုတိယမြောက် ရက် ၁ဝဝ ကာလအတွင်း လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးမှုများ ပပျောက်သည်အထိ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်က ပြောကြားသည်။

တောင်ငူမြို့နယ် ခပေါင်းခန်းမတွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ကျင်းပသော တောင်ငူခရိုင် အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်နှင့် တောင်ငူမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များကို ဝန်ဆောင်မှု ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည့် အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယရက် ၁ဝဝ တွင် ဦးစားပေးကာ အရှိန်မြှင့် ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေနှင့် မူးယစ်ဆေး ရောင်းဝယ်မှုနှင့် လောင်းကစားမှုများတွင် ပါဝင် ပတ်သက်ခြင်း မရှိရန် တင်းကျပ်စွာ သတိပေးထားပြီး မူးယစ်ဆေးဝါးများကိုလည်း မသုံးစွဲရန် ၎င်းက သတိပေး ပြောကြားခဲ့သည်။ 

“မူးယစ်ဆေးဝါး ရောင်းချမှု တရားမဝင် လောင်းကစားမှုတွေ လုံးဝ ပပျောက်စေဖို့အတွက် ဒိုင်ချုပ်တွေကို ဖော်ထုတ် ဖမ်းဆီးပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ။ မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုများကို အမြစ်ပြတ်သည်အထိ အရေးယူ ဖမ်းဆီးသွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်က ပြောဆိုသည်။

အဆိုပါ အခမ်းအနားတွင် တောင်ငူခရိုင်အတွင်းရှိ နယ်မြေခံ ရဲစခန်းများနှင့် မြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် အယောက် ၃၃ဝ ကျော် တက်ရောက်ခဲ့သည်။ 

တောင်ငူမြို့ပေါ်ရှိ  ရပ်ကွက်၊ ကျေးရွာအချို့တွင် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နားလည်မှုယူကာ ဖွင့်လှစ် လုပ်ကိုင်နေကြသည့် တရားမဝင် အနှိပ်ခန်း၊ လောင်းကစား လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ ကြီးထွားလာသည့်အပြင် လူမိုက်ဆန်ဆန် ဂိုဏ်းဖွဲ့ ဗိုလ်ကျ စိုးမိုးနေသူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်  နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးအောင်ဇေယျက ယခုနှစ် မတ်လက ပြောကြားခဲ့သည်။ 

ဇူလိုင်လနှင့် သြဂုတ်လ ပထမရက် သတ္တပတ်အထိ ဖမ်းဆီးရရှိခဲ့သော လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးမှုများတွင် စိတ်ကြွ ဆေးပြား သောင်းချီ ဖမ်းဆီး ရရှိခဲ့သော်လည်း နှစ်လုံးထီ၊ သုံးလုံးထီ ဒိုင်ကြီးများနှင့် မူးယစ်ဆေးဝါး လက်လီ လက်ကား ဖြန့်ဖြူးသော ပင်မလူများကို မဖမ်းမိသေးကြောင်း တောင်ငူမြို့ခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။

တောင်ငူခရိုင်အတွင်း ရက်တစ်ရာ စီမံချက် ကာလတွင် အမှုပေါင်း ၁ဝ မှုခန့်နှင့် စိတ်ကြွ ဆေးပြား အနည်းငယ်သာ ဖမ်းဆီး နိုင်ခဲ့သော်လည်း စီမံချက် ကာလအလွန် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း တရားမဝင် စိတ်ကြွ ဆေးပြား၂၅ဝဝဝ နီးပါးနှင့် အမျိုးသား လေးဦး၊ အမျိုးသမီး တစ်ဦးကို ဖမ်းမိခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။


  • VIA